Friday, August 2, 2019

“ #ကြိုးစင်ထက်ကဝိပဿနာ “ သူ့ နာမည်က သီဟာ။ ဒီနာမည်က သူ့ ဦးရီးတော်ကို အစွဲပြုပြီး ရခဲ့တဲ့ နာမည်။ ဦးရီးတော်ဆိုတာ လိစ္ဆဝီ မင်းတို့ အားအကိုးကြီးကိုးရတဲ့ စစ်သူကြီး။ သီဟ စစ်သူကြီးဆိုရင် ဝေသာလီပြည်မှာ မသိသူမရှိ လောက်အောင် ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ သူ့ ဦးရီးတော် စစ်သူကြီးက လက်ရုံးရည် ပြည့်ဝရုံတွင်မက၊ နှလုံးရည်လည်း ပြည့်ဝတဲ့ စစ်သူကြီး ဖြစ်တယ်။ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပဿကာကြီးလည်း ဖြစ်လို့ ဘာသာတရာလည်း ကိုင်းရှိုင်းတယ်။ စစ်သားကြီးဆိုသော်လည်း ဘုရားတရားမြဲသော စစ်သားကောင်းကြီး ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ချစ်ကြတယ်။ သီဟာကို ချစ်ရှာလွန်းလို့ ဦးရီးတော်က သူနှင့် နာမည်တူ ပေးခဲ့တယ်။ ဒါကြောင့် သီဟ စစ်သူကြီးရဲ့ တူမလေး သီဟာ ဆိုတာ ဖြစ်လာရတာပေါ့။ သီဟာရဲ့သွေးက ဦးရီးတော်နဲ့ နီးစပ်ဟန်တူတယ်။ ရဲရင့်မှုနဲ့ ယဉ်ကျေးလိမ္မာမှုဟာ ဦးရီးတော်ဆီက အမွေရထားသလား မှတ်ရတယ်။ ဘုရားတရားသံဃာကိုလည်း ဦးရီးတော်နဲ့ ထပ်တူကြည် ညိုတယ်။ သူကပင် သာလေမလား မသိ။ သာသနာကို ကြည်ညိုလွန်းလို့ သာသနာ့ဘောင်ထဲ အပြီးကူးပြောင်းလိုတဲ့ သဒ္ဓါဆန္ဒက တဖွားဖွားနှင့် ဖြစ်ပေါ်နေတယ်။ နေ့နေ့ညည အဲဒီစိတ်က လွှမ်းမိုး ကြီးစိုးနေတယ်။ ဆန္ဒဟာ အဓိပတိ တပ်ရလောက်အောင် အားကောင်းလာတော့ သူဖြစ်ချင်တဲ့ဘဝကို ရောက်ရန် အခြေနေပေးလာခဲ့တယ်။ တစ်နေ့မှာ ဦးရီးတော် သီဟစစ်သူကြီးက မြတ်စွာဘုရားအမှုးပြုလျက် သံဃာတော်များကို ပင့် ဖိတ်ပြီး ဆွမ်းဆက် ကပ်လှုဒါန်းတယ်။ သီဟာက ဦးရီးတော်ရဲ့ အလှုကို ကူညီလုပ်ကိုင်ပေးတယ်။ ရှင်တော် မြတ်ဘုရား က အနုမောဒနာတရား ဟောကြားတယ်။ ရှင်တော်မြတ်ဘုရား၏ တရားတော်ကို နာရတဲ့အခါ တရား၏အရသာ ချိုမြိန်လွန်းလို့ သဒ္ဓါတရားတို့ ရုန်းကြွလာပြီး လောကီလူ့ဘောင်ကို ခွာရှောင်ကာ သာမဏဘောင်သို့ အပြီးကူး ပြောင်းတော့မယ်လို့ တထိုင်တည်း သီဟာ ဆုံးဖြတ်လိုက်တယ်။ မိဘနှစ်ဘနှစ်ပါးနဲ့ ဦးရီးတော်တို့က မြတ်စွာဘုရားရား၏ တပည့်သားသမီးများ ဖြစ်သည့်အား လျော်စွာ ပင် သူ၏ဆန္ဒကို လိုလိုလားလား ဝမ်းပမ်းတသာပင် ခွင့်ပြုကြတယ်။ သီဟာထေရီအဖြစ် ရောက်ရှိလာတဲ့ သူဟာ သာသနာ့တာဝန်ဖြစ်တဲ့ ဓူရနှစ်ဖြာကို စွမ်းစွမ်းတမံ ထမ်းရွက်တယ်။ ဘယာကြောင့်မဟုတ်ဘဲ သဒ္ဓါကြောင့် ရဟန်းဘောင်ကို တက်လှမ်းခဲ့ခြင်း ဖြစ်တဲ့အတွက် သာသနာ တွင်း၌သာ ရနိုင်သော မဂ်ဖိုလ်ကို ရကိုရမှဖြစ်မည်လို့ သူနားလည်ထားတယ်။ ပဓာနအလုပ်ဖြစ်တဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ဖို့ တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ် လာခဲ့တယ်။ တိတ်ဆိတ်မှုဟာ နှလုံးသွင်းမှန်သူ တို့အတွက် သမာဓိရလွယ်သော ပတ်ဝန်ကျင်းအ ထောက်အပံ့ဖြစ် သော်လည်း နှလုံးသွင်းမှားသူအတွက် ကိလေသာအခိုးတို့ တိုးထွက်ဖွယ် အခွင့်ရေးကြီးတစ်ရပ် ဖြစ်နေ ပြန်တယ်။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များမှာ “ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကို ပြုတော်မမူသော” လို့ ‘ အရဟံ’ ဂုဏ်တော်တစ်ပါး ပါတယ်။ အံ့သြဖွယ် ကောင်းလွန်းတဲ့ ဂုဏ်တော်ဖြစ်တယ်။ ပုထုဇဉ်ဆိုတာမျိုးက များသောအားဖြင့် ဆိတ်ကွယ်ရာအရပ်ကို ရောက်ရင် လူပီသစွာ ကြုံလျင် ကြုံသ လို မကောင်းမှုကို ပြုလွယ်ကြတယ်။ ကာယကံမြောက် မပြုလုပ်ရင်တောင်မှ မနောတွင် အတွေးအမျိုး အမျိုးဖြင့် ကိလေသာ ပွားနေတတ်ကြတယ်။ မြင်၊ ကြား၊ နံ ၊ စား၊ ထိ အာရုံငါးပါးအပေါ်မှာ မြင်ကာမျှ၊ ကြားကာမျှ၊ နံကာမျှ၊ စားကာမျှ၊ ထိကာမျှ သဘောမထားနိုင်ခဲ့တဲ့အခါ ငါမြင်၊ ငါကြား၊ ငါနံ၊ ငါစား၊ ငါထိ ဆိုတဲ့ အတ္တအသိနှင့် အမြင်မှားခဲ့ပြီး အာရုံကို တဏှာ၊ မနာ၊ ဒိဋ္ဌိ တို့နဲ့ သိမ်းပိုက်ထားခဲ့ကြတယ်။ အဲလို သိမ်းပိုက်ခဲ့ကြတဲအတွက် အာရမ္မဏာနုသယ အဖြစ်ကိန်း နေပြီဖြစ်တဲ့ အရာတွေက တိုက်ဆိုင်တိုင်း ပရိယုဋ္ဌာနကိလေသာအဖြစ် ပြန်ကြွတက်လာတယ်။ နေ့စဉ်ဘဝထဲမှာ ကိလေသာနှင့်တကွ သိမ်းပိုက်ခဲ့တဲ့ အရာတွေကလည်း များလွန်းလှတယ်။ တစ်ယောက်တည်း တိတ်တဆိတ် တွေးတောခွင့်ရပြီဆိုတာနဲ့ ဂိုထောင်ထဲ ထည့်သိမ်းထားတဲ့ အရာတွေကို ပြန်ဆွဲထုတ်သလို ဖျတ်ဖျတ်ကနဲ ကိလေသာနဲ့တကွ အာရုံတွေက တစစီ စီရရီ ပြန်ထွက်လာတယ်။ ဆိတ်ငြိမ်ရာဟာ သီဟာထေရီအတွက် ကိလေသာကိုပံ့ပိုးတဲ့ အခြေနေမျိုး ဖြစ်နေတယ်။ တိတ်ဆိတ်အေး ချမ်းရာကို ကပ်ရောက်လို့ အာရုံချည်တိုင် တစ်ခုထားပြီး သမာဓိထူထောင်မယ် ဆိုခါမှ ကိလေသာ အကြံအစည်အမျိုးမျိုးက တိုးဝင်နှောက်ယှက်နေတယ်။ စိတ်ကို စုစည်းလို့ မရနိုင်ဘူး။ အပြင်ပျံ့လွင့် မှုက များနေတယ်။ “ အို…သဒ္ဓါတရားနဲ့ ရဟန်းပြုလာသူ ငါ့အတွက် ဒီအာရုံတွေကို ရအောင်ပယ်မဟဲ့ “လို့ မာန်တင်းကာ ရှုမှတ်ပါသော်လည်း အာရုံတည်ရာပျောက် သမာဓိမှောက်ပြီး လောကီကာမဂုဏ်တွေ ခံစားချင်စိတ်ကသာ ယိုဖိတ်သတဲ့ ယိုဖိတ်လာနေတယ်။ ခက်ချေပြီကော။ “ ဟယ်…ငါ့အတွက် မဂ်ဖိုလ်ဆိုတာ မရှိတော့ပြီလား၊ သာသနာနဲ့ ငါ မထိုက်တန်တော့ပြီလား” သူ့ကိုယ်သူ အမျိုးမျိုး ဆုံးမ အားထုတ်ရှုမှတ်ပါသော်လည်း လိုက်လေဝေးလေ၊ ရှာလေမတွေ့လေ ဆိုသလို သမာဓိဆိုသည်မျှမဖြစ်၊ ပညာဆိုသည်ကား ဝေးကွားလွန်းမက ဝေးကွာနေတော့တယ်။ ဤသို့ ထိုသို့ ကာမဝိတက် အမျိုးမျိုးတို့ အနှိပ်စက်ခံနေရလျက် နေ့ရောညည့်ပါ ချမ်းသာခွင့်ကိုမရ စိတ်ဆင်းရဲကြီးစွာ ခံစားရလျက် ခုနစ်နှစ်တိုင်သို့ ရောက်ရှိလာခဲ့ပေါ့။ “ င့ါသန္တာန်က ရာဂတရားတွေကို ဖယ်ရှားခွင့် မရနိုင်တော့ဘူးလား၊ ငါ..ငါ..ကိလေသာရဲ့ လက် အောက်မှာ ကျရှုံးရတော့မှာပါလား” စိတ်ဓာတ်ကျ ညှိုးရော် စိတ်ထောင်းတော့ ကိုယ်ကြေဖြစ်ကာ သောကစိတ်ကြောင့် လန်းဆန်း တက်ကြွခြင်း၊ နုပျိုခြင်းတွေ ပျောက်ဆုံးကုန်တယ်။ ကိုယ်ခန္ဓာဟာ ဖြူဖပ်ဖြူရော်နဲ့ ကြုံလှီချည့်နဲ့ လာတယ်။ မြင်၍မျှမကောင်းအောင် ရုပ်အဆင်းပျက်ယွင်းခဲ့ရပြီ။ ခုနစ် တာကာလ အချည်းနှီးကုန်ဆုံးခဲ့ပြီ။ ဆေးပညာသဘောအရ ပူပင်သောက စိတ်များကြောင့် ခန္ဓာကိုယ်က (Catecolamines)ဆိုသည့် ဟော်မုန်းတွေကို ပို၍ ထွက်စေပါတယ်။ ထိုဟော်မုန်းက ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ စွမ်းအင် (Energy) တွေကို များများသုံးလိုက်တဲ့အတွက် ရုပ်ခန္ဓာမှာလည်း ခံနိုင်ရည်စွမ်းအား လျော့ကျသွားတယ်။ ကိုယ့်ခံ စွမ်းအား လျော့ကျသွားတဲ့အတွက် ပြင်ပကရောဂါပိုများ ဝင်လွယ်တော့တယ်။ ရုပ်ရောဂါ ရလာရင် စိတ်ဓာတ် လည်း ကျလာတတ်တယ်။ စိတ်ကြောင့် ရောဂါ စိတ္တရုပ် ဖြစ်ပေါ်စေသလို၊ ရုပ်ကို အစွဲပြုပြီးလည်း စိတ်ကျရောဂါ ရလာတတ်တယ်။ “ ငါ့မှာ ထောက်တည်ရာ တရားလည်း မရ၊ မြတ်စွာဘုရားရှင်ရဲ့ သာသနာထဲ နေချင်လှချည်ရဲ့လို့ ဘယ်သူမှမတိုက်တွန်းရဘဲ ဝင်လာခဲ့တဲ့ငါဟာ သာသနာထဲ မပျော်မွေ့တော့လို့ လူထွက်လာတယ်ဆိုရင် ဦးရီး တော်နဲ့ မိဘတို့ကို ဘယ်လို မျက်နှာပြရမလဲ။ ဒီလို ကိလေသာ အထွေးထွေး အပိုက်ပိုက်နဲ့ ရှေ့ဆက် အသက်ရှင်နေလို့ကော ဘာထူးအုံးမှာလဲ။ သေခြင်းကမှ ငါ့အတွက် မြတ်ပေအုံးမယ်၊ ဟုတ်တယ်၊ ငါသေမှ ဒီသောကအပူတွေက ငြိမ်းအေးတော့မှာ” ကိလေသာ အတွေးဆိုးတို့ရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး သီဟာထေရီဟာ မကြံစည် အပ်တာကို ကြံစည်လိုက်တယ်။ လူဟာ ပျက်စီးချိန်တန်လာရင် နည်းမှားကို နည်းမှန်လို့ ထင်မြင် လာတတ် တယ်။ သူ့အတွက် ပျက်ဆီးချိန် တန်ပြီလား။ သီဟာထေရီဟာ ကြိုးဆွဲချ သတ်သေဖို့ ကြိုးခွေတစ်ခုကို ယူပြီး သစ်ပင်ထက်ကို တက်တယ်။ သစ်ကိုင်းတစ်ခုမှာ ကြိုးစတစ်ဖက်ကို ချည်တယ်။ ကျန်ကြိုးစတစ်ဖက်ကို ကြိုးကွင်းလျော ပြုလုပ်လိုက်ပြီး လည်ပင်းမှာ စွပ်လိုက်တယ်။ လည်ပင်းတွင် ကြိုးကွင်းစွပ်မိချိန်….. အံသြမကုန်နိုင်ဖွယ် အဖြစ်သနစ် တစ်ခု ဖြစ်ပေါ်လာတယ်။ သီဟာထေရီရဲ့ ဉာဏ်ထဲမှာ သင်္ခါရတရားတို့ရဲ့ မမြဲမှုသဘော၊ ဆင်းရဲမှုသဘော၊ အစိုးမရမှု သဘော တွေ ထင်းထင်းလင်းလင်း ပေါ်လာတယ်။ ဘဝါ ဘဝက ဖြည့်ဆည်းခဲ့သော ကံပါရမီအဟုန် အစွမ်းပြလေပြီ။ သူရှာဖွေခဲ့သော တရားကို ကြိုးစင် ထက်တွင် မြင်လေပြီ။ သင်္ခါရ တရားတို့၏ မမြဲ၊ ဆင်းရဲ အစိုးမရသဘောကို ရှုမှတ်ရင်း သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ အသင်္ခဓာတ် နိဗ္ဗာန်မြတ်သို့ လေးမဂ် လေးဖိုလ်ပင် ဆိုက်ရောက်ဝင်စံခဲ့လေပြီ။ လည်ပင်းမှ ကြိုးကွင်းသည် မည်သူမျှ မချွတ်ရဘဲ ရှောကနဲ ကျွတ်လေပြီကော။ မိမိကိုယ်ကို သတ်သေနည်း များစွာရှိရာမှာမှ ဘိက္ခူနီ ဖြစ်ပါလျက် သစ်ပင်ထက်တက် ကြိုးဆွဲ ချသေနည်းကို စဉ်းစားမိသည်ကိုက သူ့အတွက် ပျက်ဆီးဖို့မဟုတ်ဘဲ ကောင်းဖို့ ဖြစ်လာသတဲ့။ ကံတစ်ခု အကျိုးပေးချိန်ကို မြတ်ဘုရားမှတစ်ပါး မည်သူမျှ တပ်အပ်မသိနိုင်။ သေချင်းနဲ့ ပက်ပင်းတွေ့ချိန်မှ နောက်ဆုံးအားကိုးရာအဖြစ် စိတ်ဇောထက်သန်လာပြီး ခုနစ်နှစ် ရှာဖွေလို့ မတွေ့ခဲ့သည့် ဝိပဿနာဉာဏ် ဖြစ်ပေါ်လာခဲ့လေသလား။ ပစ္ဆိမဘဝိက( နောက်ဆုံးဘဝရှိသူ) တို့၏ ပါရမီ ကံအဟုန်ကား အံသြကုန်ဖွယ် မရှိပါတကား။ အရှင်​ပညာသီရိ (ရမ္မာကျွန်း) မှီးငြမ်း။ ။ အရှင်ဓမ္မဿာမီဘိဝံသ (ပုံတော်စုံ ထေရီအပဒါန် ဝတ္ထုတော်ကြီး) { 3 . 11. 2018 - ​စောင့်​ကြည့်​ဂျာနယ်​} copy me


via အလင်းရောင် ဓမ္မ https://ift.tt/2YgBPo2