Tuesday, July 30, 2019

သုခလို့ထင်ရပေမယ့် ဒုက္ခဖြစ်နေတာတွေရှိတယ် 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 လောကမှာ လူတိုင်းလိုချင်တဲ့အရာသုံးခုရှိတယ်၊ (၁)ပစ္စည်းဥစ္စာတွေပေါများချင်တယ်၊ (၂) လူတိုင်းရဲ့ အရိုအသေပေးမှုရချင်တယ် အာဏာပါဝါကြီးချင်တယ်၊ (၃)နာမည်ကြီး၊ ကျော်ကြားချင်တယ်၊ အခုခေတ်လိုဆို Celebrity ဖြစ်ချင်တယ်ပေါ့။ အဲဒီအရာတွေနဲ့ ပြည့်စုံလျှင် ဘ၀ချမ်းသာပြီလို့ ထင်ကြတယ်၊ အမှန်တကယ် ချမ်းသာအစစ်ဖြစ်ပါ့မလား။ 🌷ဥပမာပြောရလျှင် ဒီတသက် သုံး၍မကုန်နိုင်လောက်တဲ့ ငွေကြေးပမာဏရှိတဲ့ လူတစ်ယောက်စီမှာ ကုမရတဲ့ ရောဂါလည်းရှိနေလျှင် ချမ်းသာတယ်လို့ ပြောလို့ရပါ့မလား၊ ဒါကြောင့် ရုပ်ပစ္စည်းဝတ္ထုချမ်းသာဘို့ သာမက စိတ်ချမ်းသာမှုရှိဖို့လည်း ကြိုးစားသင့်တာပေါ့။ သို့ပေမယ့် လောကမှာ လူချမ်းသာလို့ပြောရင် သူတို့ပိုင်ဆိုင်တဲ့ ရွှေ ငွေ ကား အိမ်တိုက်တာစတဲ့ ပြင်ပ ရုပ်ဝတ္ထုတွေနဲ့ ပြည့်စုံနေတာပဲသွားမြင်ပါတယ်။ စိတ်ရော ချမ်းသာမှ တကယ့်လူချမ်းသာဖြစ်တာဆိုတာသိထားပါ။ 🌷သူတပါးတို့ရဲ့လေးစား၊ အထင်ကြီး၊ အပူဇော်မှုရဖို့ဆိုတာ တခုတည်းအတွက် ရာထူး အာဏာလိုတယ်လို့ထင်၍ ကြိုးစားတဲ့အခါ အဲဒီရာထူးအာဏာပါဝါတွေ ရလာခဲ့သော်လည်း ရာထူးအာဏာအမှီပြု၍ လောကကောင်းကျိုးအတွက်အလုပ်မလုပ်ဘဲ အာဏာကို အလွဲသုံးစား လုပ်လို့ အာဏာပိုင်ပြီး စိတ်ဆင်းရဲ နေကြတဲ့သူတွေအများကြီး။ 🌷နာမည်ကျော်ကြား လူကြိုက်များတဲ့ အချို့သူတွေလည်း အပြင်ဇာတ်ခုံပေါ် ရောက်တုန်းတော့ အများတကာကို ရွှင်မောပြုံးရယ်စေနိုင်ကြပေမယ့် ကန့်လန့်ကာ နောက်ကွယ်ရောက်တဲ့အခါမှာ မျက်ရည်စက်တွေနဲ့ဘ၀မှာ နေနေကြတဲ့ စိတ်မချမ်းမသာ နာမည်ကျော်များလည်းရှိတယ်။ 🌷ဒါကို စာပေကတော့ လာဘ-ပစ္စည်းပေါချင်တယ်၊ သက္ကာရ-အာဏာရချင်တယ်၊ သိလောက-နာမည်ကြီးချင်တယ်တဲ့။ အဲ့ဒီအရာတွေ ပြည့်စုံလျှင် ချမ်းသာပြီဟုထင်တတ်တဲ့ ယနေ့ခေတ်မှာလည်း အဲဒီအရာတွေကို ရှာနေကြတယ်။ ရှာတာတော့သုခရဖို့ပဲ ရလာတာတွေအားလုံးက ဒုက္ခဖြစ်နေတတ်တာခက်တယ်။ သီတဂူအရှင်ပညာဇောတ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ 17.12.2018 တနင်္လာနေ့။


via အလင်းရောင် ဓမ္မ https://ift.tt/32SgEXY