အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 5, 2019
မြင့်မြတ်သော နေထိုင်ခြင်း ••••••••••••••••••••••• သတိပဋ္ဌာန်တရား ပွားများနေရင် မျက်စိ နား နှာ လျှာ ကိုယ်စိတ် ခြောက်ဌာနက… လောဘရန်သူတွေ ဒေါသရန်သူတွေ မောဟရန်သူတွေ ဝင်ခွင့်မရအောင် ပိတ်ဆို့တားဆီးထားတယ်။ သတိဟာ လုံခြုံရေးပဲ။ ဘဝရဲ့ လုံခြုံရေးပဲ။ သူတော်ကောင်းတွေရဲ့ စံအိမ်ပဲ။ လူတွေ နေအိမ်ကောင်းကောင်းနဲ့ နေတော့ ဘေးတွေ ရန်တွေ အမျိုးမျိုးလုံခြုံနေသလို သတိတည်းဟူသော စံအိမ်မှာနေရင် လောဘ ဘေးရန် ဒေါသ ဘေးရန် မောဟ ဘေးရန်တွေ လုံခြုံအေးချမ်းနေတယ်။ အဲဒီ လုံခြုံအေးချမ်းတဲ့ သတိနဲ့ နေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးပဲ။ ကုသိုလ်ဆိုတာ ဘယ်ကုသိုလ်ဖြစ်ဖြစ် အပြစ်ကင်းပြီး စိတ်ကြည်လင် အေးချမ်း နေရတယ်။ ပင်ပန်းတာ ပူပင်တာ မနှစ်ခြိုက်တာ စိုးရိမ်တာ မပျော်ပိုက်တာတွေဟာ အကုသိုလ်တွေပဲ။ ကုသိုလ်က ကြည်လင်တယ်။ လန်းဆန်းတယ်။ သွက်လက်တယ်။ ပေါ့ပါးတယ်။ အေးချမ်းတယ်။ ဒီလိုကုသိုလ်ဖြစ်အောင် စိတ်ရှည်ရတယ်။ သည်းညည်းခံရတယ်။ ဘယ်လောက်ပဲ ပစ္စည်းတွေ ချမ်းသာနေ ချမ်းသာနေ.. စိတ်အေးချမ်းအောင် မထားတတ်ရင် ပူလောင် ပင်ပန်းတယ်။ ပူပန်တယ်ဆိုတာ တခြားမဟုတ်ပါဘူး။ လောဘကြောင့် ပူလောင်ပင်ပန်းတယ်။ ဒေါသကြောင့် ပူလောင် ပင်ပန်းတယ်။ မောဟကြောင့် ပူလောင် ပင်ပန်းတယ်။ တရားအဆုံးအမ သီလသာသနာ ကိုယ့်မှာ ရှိရင် အပါယ်ကျရောက်စေတတ်တဲ့ လောဘ ဒေါသ မောဟတွေ ဖြစ်ခွင့်မရတဲ့အတွက် ပူလောင် ပင်ပန်းမှုမရှိပဲ အေးငြိမ်း ချမ်းသာရတယ်။ သမာဓိ သာသနာရှိရင် စိတ်တွေ စင်ကြယ်အေးချမ်းတယ်။ ပညာ သာသနာရှိရင်လည်း စိတ်တွေ စင်ကြယ်အေးချမ်းပြီးတော့ သတိပညာနဲ့ နေတဲ့ဘဝ ဖြစ်လာတယ်။ အဲဒီလို စိတ်ချမ်းသာ ကိုယ်ချမ်းသာ အေးအေးချမ်းချမ်း နေသွားတတ်တဲ့ ယောဂီတွေ တော်တော်များများရှိကြပါတယ်။ အဲဒီတော့ ကျောင်းမှာနေတုံးတင် မဟုတ်ပဲနဲ့ အိမ်မှာနေတော့လည်း ဒီလိုပဲ သတိဉာဏ် လေးနဲ့ နေသွားမယ်ဆိုရင်… ကောင်းသထက် ကောင်းသွားမယ်။ ဘဝအဆင့် မြင့်သထက် မြင့်သွားမယ်။ အားလုံး ကိုယ်စီကိုယ်ငှအသီးသီး ကျောင်းမှာ ကျင့်ကြံနေထိုင်သလို အိမ်မှာလည်း ကျင့်ကြံနေထိုင်နိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ရွှေဥမင်ဆရာတော်ဘုရားကြီး Via: Parallel
via အလင်းရောင် ဓမ္မ https://ift.tt/387w11r
Newer Post
Older Post
Home