Friday, December 6, 2019

ဉာဏ်အတက်ခရီးမှ ရန်အဖျက်အဆီးများ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 တစ်ခုသောရေကန်သည် ရှိ၏။ ထိုရေကန်မှ ရေတို့သည် အလွန်ကြည်လင်၏။ အလွန်ငြိမ်သက်၏။ အလွန်သန့်ရှင်း၏။ အလွန်စိမ်းလန်း၏။ လောကကို အလင်းရောင် ဟပ်သောအခါ ထိုကန်ရေပြင်ဝယ် လောကအရိပ်သည် ကောင်းစွာထင်၏။ ထင်သောထိုအရိပ်သည် ကောင်းစွာပေါ်လွင်၏။ ပေါ်လွင်သော ထိုအရိပ်သည် လွန်စွာနက်ရှိုင်း၏။ နက်ရှိူင်း သောထိုအရိပ်သည် လောကသဘာဝကို မှန်ကန်စွာ ပြလေ၏။ တစ်ခုသောရေကန်သည်လည်းရှိ၏။ ထိုရေကန်မှ ရေတို့သည် အလွန်နောက်ကျိ၏။ အလွန်ဆူပွက်လှုပ်ရှား၏။ အလွန်အမှိုက်ပြည့်လျှက် ညစ်ပတ်၏ အလွန် ပုပ်သိုး၏။ လောကကို အလင်းရောင်ဟပ်သော အခါ ထိုကန်ရေပြင်ဝယ် လောကအရိပ်သည် ကောင်းစွာမထင် ထင်သောအရိပ်သည် လွန်စွာမှုန်ဝါး၏။ မှုန်ဝါးသောထိုအရိပ်သည်လည်း ပျက်စီး၏။ ပျက်စီးသော ထိုအရိပ်သည်လည်း ဖောက်ပြန်၏။ ဖောက်ပြန်သော ထိုအရိပ်သည် လောကသဘာဝကို မှားယွင်းစွာသာ ပြလေသည် ။ ဤကား ဥပမာ ဖွစျ၏။ ဉာဏ် ဒဿနကို အလိုရှိ၍ ရှာဖွေရန်အားထုတ်သော ပုဂ္ဂိုလ်သည် ဦးစွာမိမိ၏ စိတ်ကို ပထမ ရေကန်နှင့် တူစွာ ပြုအပ်၏။ စိတ်ကိုကြည်လင်စေအပ်၏။ စိတ်ကိုငြိမ်သက်စေအပ်၏။ စိတ်ကိုသန့်ရှင်းစေအပ်၏။ စိတ်ကို လတ်ဆတ်စေအပ်၏။ သို့မှသာ ပထမ ရေကန်သည် လောကအရိပ်ကို ဟုတ်တိုင်းမှန်စွာ ထင်ဟပ်သကဲ့သို့ ထိုသူ၏ စိတ်သည်လည်း လောကကို ကောင်းစွာ ထင်ဟပ်နိုင်သော ဉာဏ်အလင်းကို ဖြစ်ပေါ်စေသည် ဖြစ်လတ္တံ့ ။ ဉာဏ် ဒဿန စခန်းသို့ တက်လှမ်းသော ခရီးဟူသည် အမြင့်သို့ သွားသော ခရီးဖြစ်၏။ အဆန်သို့ သွားသော ခရီးဖြစ်၏။ သမ္ပတ္တိ { တိုးပွား ပြည့်စုံကြောင်း } ခရီး ဖြစ်၏။ ထိုခရီးသည် ခက်ခဲ၏ ပင်ပန်း၏။ ရန်အန္တရာယ်များ၏ အတားအဆီး များ၏။ ထို့ကြောင့် ဆန့်ကျင်ဘက် ရန်သူတို့နှင့် ကြုံလျှင် မတုန်လှုပ်ဘဲ အခြေမြဲစွာ ရပ်တည်ရန် " ဗိုလျငါးပါး " တရားကို အားကိုးရ၏ ။ ဗိုလျငါးပါး ဟူသညျကား သဒ္ဓါလည်း ဗိုလ်တစ်ပါး ၊ ဝီရိယလည်း ဗိုလ် တစ်ပါး သတိလည်း ဗိုလ်တစ်ပါး ၊ သမာဓိလည်း ဗိုလ် တစ်ပါး၊ ပညာလည်း ဗိုလ် တစ်ပါး ၊ ဤတွင် ဗိုလ် ဆိုသည်မှာ ဆန်ကျင့်ဘက် ရန်သူကို ဖျက်ဆီး ချေမှုန်းနိုင်သော စွမ်းအား သတ္တိပင် တည်း ၊ တစ်နည်းဆိုသော် ရန် အဖျက်အဆီး များသော ဉာဏ်အတက် ခရီးသွားသော အကြင် အရိယာ နွယ်ဝင် ကလျှာဏ ပုထုဇဉ် အဖို့ ယုံကြည်ချက် (သဒ္ဓါ ) သည် ဗိုလ် ဖြစ်၏။ အားထုတ်မှု ( ဝီရိယ ) သည် ဗိုလ် ဖြစ်၏။ စိတ် မြဲမြံမှု ( သတိ ) သည် ဗိုလ် ဖြစ်၏။ စိတ် တည်ငြိမ်မှု ( သမာဓိ ) သည် ဗိုလ် ဖြစ်၏။ စိတ် အမြင်လင်းမှု ( ပညာ ) သည် ဗိုလ် ဖြစ်၏။ ဤကား အပြော ဖြစ်၏။ အပြောကား လွယ်ယောင် ရှိ၏။ အလုပ်ကား လွယ်သည် မဟုတ် အလုပ်စခန်းသို့ ရောက်သောသူအား ယုံကြည်ချက် ( သဒ္ဓါ )ကို၊ တပ်မက်မှု သာယာမှု(တဏှာ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ အားထုတ်မှု(ဝီရိယ)ကို ပျင်းရိမှု ဆုတ်နစ်မှု(ကောသဇ္ဇ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ်မြဲမြံမှု (သတိ)ကို မေ့လျှော့မှု ပေါ့မှု(မုဋ္ဌသစ္စ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ် တည်ကြည်မှု (သမာဓိ)ကို၊ ပျံ ့လွင့်မှု ၊ မငြိမ်သက်မှု (ဝိက္ခေပ )က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ် အမြင်လင်းမှု ( ပညာ )ကို လွန်စွာ တွေဝေမှု မှုန်မှိုင်းမှု ( သမ္မောဟ )က မပျက် ပျက်အောင် ဖျက်လိမ့်မည် ။ လောကနိယာမမှာ ရေများလျှင် ရေနိုင်ပါသည်။ မီးများလျှင် မီးနိုင်ပါသည် ။ အကောင်း နှင့် အဆိုး ၊ အယုတ် နှင့် အမြတ် အကျိုး နှင့် အပြစ် ၊ အတက် နှင့် အကျ အဟောင်း နှင့် အသစ် ၊ အဖြစ် နှင့် အပျက် အချစ် နှင့် အမုန်း ၊ ကုသိုလ် နှင့် အကုသိုလ် စသော ဆန့်ကျင်ဘက် တရားတို့ကလည်း နေရာတိုင်း အချိန်တိုင်းမှာ အားပြိုင်၍ နေကြပါသည်။ အားပြိုင်ပွဲ၏ သဘောကား အရှုံးအနိုင်ကို ဆုံးဖြတ်မြဲဖြစ်၏။ အနိုင်၏ အဆုံး အဖြတ်ကားအာသာမှုပင် မဟုတ်လား။ ရန် အဖျက်အစီးများသော ဉာဏ် အတက်ခရီးသွား ယောက်ျားအား အနိုင်ကို လိုသော် အားသာမှုကို မွေးမြူအပ်သည် မဟုတ်လား ။ နောက်ကျုခြင်း လှုပ်ရှား ဆူပွက်ခြင်း ဒိုက် အမှိုက် ဖုံးလွမ်းခြင်းတို့ဖြင့် သိမ်းဆည်းအပ်သော ကန်ရေပြင်၌ လောက အရိပ်သည် မထင်ရှားသကဲ့သို့ လောဘ ဒေါသ မောဟ ဆိုသော အကုသိုလ် စေတသိက်တို့ဖြင့် သိမ်းဆည်းအပ်သော စိတ်မှာလည်း ကြည်လင်ခြင်း မရှိနိုင် အေးမြခြင်းမရှိနိုင် သန့်ရှင်းခြင်း မရှိနိုင်ရကား ထိုစိတ်ရေပြင်ပေါ်တွင်လည်း ဉာဏ် အရိပ်သည် ကောင်းစွာ ထင်ဟပ်နိုင်ခြင်း မရှိသေး။ အတက်ခရီးသို့ သွားသော ဉာဏ ဝါဒီအား လမ်း ထက်ဝက်က ဆီး၍ဖျက်မည့်ရန်သူတို့သည် ရုတ်တရက် ပေါ်လာဦးမည် မုချ ဖြစ်၏။ တခြား ပြင်ပ ရန်သူတွေ မဟုတ် အကြင် ပုဂ္ဂိုလ်၏ ကိုယ်တွင်းက ဖြစ်လာသော နီးကပ်သော ရန်သူများသာ ဖြစ်ကြကုန်၏။ ထို ရန်သူ များကို ရေတွက်သော်ကား ဥပါယာသ ဟူသော ရန်သူလည်း တစ်ပါး၊ ဣဿာ ဟူသော ရန်သူ လည်း တစ်ပါး၊ မစ္ဆရိယ ဟူသော ရန်သူ လည်း တစ်ပါး၊ ကုက္ကုစ္စ ဟူသော ရန်သူ လည်း တစ်ပါး၊ ထိနမိဒ္ဓ ဟူသော ရန်သူ လည်း တစ်ပါး၊ ဝိစိကိစ္ဆာ ဟူသော ရန်သူ လည်း တစ်ပါး၊ ရှင်းဦးအံ့ ။ ဥပါယာသ ကား ပြင်းစွာ စိတ်ဆင်းရဲ ပူဆွေးခြင်းတည်းယူကျုံးမရသော ခံစားမှုတည်း၊ ဆုတ်နစ်သော ဒေါသတည်း၊ ရန်ငြိုးသိုဖွဲ့မှု၏ အခြေ အမြစ်တည်း၊ ကြေကွဲသော ဝေဒနာ တည်း၊ ဆောက်တည်ရာမဲ့ ဖြစ်ခြင်းတည်း၊ တရား ဓမ္မ အမြင် ကင်းမှုတည်း ၊ ဥပါယာသ အားကြီးသူအား ဉာဏ်အလင်းသည် မဖြစ်နိုင်တော့ ။ ဣဿာကား မနာလိုခြင်း ငြူစူခြင်းတည်း၊ သူတစ်ပါး ကြီးပွား ကောင်းစားကြောင်းကို မကြားလို မနာလို မနှစ်သက်ခြင်းတည်း၊ မိမိ ကိုယ်ကို အထင်ကြီးခြင်း မာန တည်း၊ သူတစ်ပါးကို အထင်သေးခြင်း ရှုတ်ချခြင်းတည်း၊ လောဘနှင့် ဒေါသ ရှုပ်ထွေးသော ခံစားမှု တည်း၊ ဣဿာ အားကြီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ မစ္ဆရိယ ကား ဝန်တို ပိတ်ပင်ခြင်း တည်း၊ လောဘကြောင့် ဖြစ်သော စိတ်ယုတ်တည်း၊ သူတစ်ပါး မရစေချင်ခြင်း၊ သူတစ်ပါးမှာ ချို့တဲ့စေချင်ခြင်း၊ သူတစ်ပါး မပြည့်စုံသည်ကိုသာ မြင်လိုခြင်း၊ ကိုယ့်ထက် သာသူအား ပျက်စီးစေလိုခြင်း၊ သူတစ်ပါး၏ အခွင့်အရေးကိုပိတ်ပင်လိုခြင်းတည်း၊ မစ်ဆရိယ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ကုက္ကုစ္စ ကား ၊ နောင်တ ရခြင်းတည်း၊ နောင်တကား အဖန်တလဲလဲ ပူပန်ခြင်းတည်း၊ မိမိ စိတ်က မိမိကိုယ်ကို ညှဉ်းဆဲခြင်းတည်း၊ စိတ် ၏ အကျဉ်းအနှောင် ခံရ မှု တည်း၊ ကျူးလွန်ပြီး အပြစ်ကို တွေးကြောက်ခြင်းတည်း၊ လုပ်ရဲပြီး မခံရဲ ခြင်းတည်း သူရဲဘောကြောင် သူတို့၏ သိမ်ငယ် စိတ်တည်း ၊ ကုက်ကုစ်စ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ထိနမိဒ္ဓ ကား ၊ စိတ် ထိုင်းမှိုင်းမှုတည်း၊ ထကြွ လုံ့လ၏ အတား အဆီးတည်း၊ ပျင်းရိခြင်း၏ အပေါင်းအသင်းတည်း ၊ ဆုတ်နစ်သော စေတသိက် တည်း၊ ခြေလက် လေးလံခြင်း အကြောင်းတည်း၊ အလုပ်၌ စိတ်မပါခြင်း တည်း၊ ထိနမိဒ္ဓ အားကြီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ဝိစိကိစ္ဆာ ကား၊ ယုံမှား သံသယ ဖြစ်မှု တည်း၊ ယုံကြည် မှု သဒ္ဓါ၏ အတား အဆီး တည်း၊ ဘဝင်မကျ စိတ် တစ်လစ် ဖြစ်မှု တည်း၊ လှေနံ နှစ်ဖက် နင်းမှုတည်း ယတိပြတ် အဖြေမရကြံမှုတည်း၊ ပိုင်းပြတ်သော စိတ် ကင်းခြင်းတည်း ၊ ဝိစိကိစ်ဆာ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ဉာဏ် အတက်ခရီး သို့ သွားသော သူသည် ရန် အဖျက်အစီး ကြုံလာသမျှကို သဒ္ဓါ ၊ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ငါးဖြာ ဗလ အင်အားပြ၍ တိုက်ဖျက် နိုင်မှ တော်လိမ့်မည် ။ ဆရာဆန်းလွင် { အရှင် အာဒိစ္စရံသီ }


via အလင်းရောင် ဓမ္မ https://ift.tt/2YojeTQ