Wednesday, December 4, 2019

🔔 စကားပြောရာ ဆင်ခြင်ပါ။🔔 🎊🎊🎊🎊🎊🎊🎊🎊🎊🎊 မြတ်စွာဘုရားက လောကမှာ လူတွေဟာ အချင်းချင်းဆက်ဆံနေကြတဲ့အခါမှာ ကိုယ့်အကြောင်းကို မပြောသင့်တဲ့အချိန်မှာ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ မဟုတ်မမှန် ပြောတာလည်း ရှိချင်ရှိမယ်။ ရိုင်းရိုင်းပျပျ ပြောတာတွေလည်း ကြုံနိုင်တယ်။ ကျိုးကြောင်းဆီလျှော်မှု မရှိဘဲ ပြောတာတွေလည်း ကြုံတွေ့နိုင်တယ်။ အဲဒီလို ကြုံတွေ့လာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့။ မြတ်စွာဘုရားက ကျင့်စဉ်လေး တစ်ခုပေးထားတယ်။ နံပါတ် ( ၁ ) က စိတ်မဆိုးမိအောင်လို့ ထိန်းလိုက်ပါ။ နံပါတ် ( ၂ )က တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသဖြစ်မိရင်လည်း မကြားဝံ့မနာသာစကားတွေနဲ့ မတုံ့ပြန်လိုက်ပါနဲ့တဲ့။ နံပါတ် ( ၃ ) ဒီစကားပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးလိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါတဲ့။ စိတ်ဓာတ်ကို ပြောင်းလိုက်တာနော်။ နံပါတ် ( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ တကယ့်ကို မေတ္တာပို့ပေးပါ။ သူ့ကိုပဲ ကြည့်ပြီးတော့ မေတ္တာပွားပေးပါ။ ဒီလိုမှ မလုပ်ရင် ပေါက်ကွဲသွားနိုင်တာကိုး။ နံပါတ် ( ၅ ) နောက်ဆုံးမှာ အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာဖြန့်ကျက်လိုက်ပါတဲ့။ လွယ်လွယ်ကူကူတော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ယူရမှာ ဖြစ်တယ်။ လေ့ကျင့်ရင်တော့ အောင်မြင်နိုင်တယ်။ တချို့က ပြောတယ်။ ကိုယ်နဲ့မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာထားလို့ မရဘူးတဲ့။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ လေ။ အဲဒီလူမှာ မေတ္တာဓာတ်အလွန်အားနည်းနေလို့ပဲ ဖြစ်မယ်။ လူတွေရဲ့ မွေးရာပါသန္တာန်မှာ … အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲရှိတယ်။ သဘာဝ ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓာတ်တွေ အားနည်းနေတာ ဖြစ်တယ်။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုရင် မေတ္တာဓာတ်တွေ ရလာ အောင်လို့ တဖြည်းဖြည်းနဲ့ လေ့ကျင့်ယူရမှာပေါ့။ မလေ့ကျင့်ဘဲနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ 💧 ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ💧 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဆရာတော်၏ " မေတ္တာနှလုံးအစဉ်သုံး " စာမျက်နှာ( ၂၄ - ၃၀ ) မှ ကောက်နုတ်ထားပါသည်။ Credit -_Words_of_Buddha မေတ္တာစေတနာဖြင့် ပြန်လည်ဝေမျှသည် (ကိုအောင်မျိုး)


via အလင်းရောင် ဓမ္မ https://ift.tt/34Oju0O