အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, December 7, 2019
စရိုက်ကြမ်းရင် မိုက်ကန်းတတ်တယ် ----------------------------------------- ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ အတွက် နောက်အရည်အသွေး တစ်ခုကတော့ … “ကိုယ် နှုတ် စိတ် မကြမ်းတမ်းခြင်း ကိုယ် နှုတ် စိတ် သိမ်မွေ့ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။ “ကိုယ်ကြမ်း နှုတ်ကြမ်း စိတ်ကြမ်း” ဆိုတဲ့ အကြမ်းသုံးမျိုးဟာ လူသားတွေရဲ့ ဘဝကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အလှဖျက် တရားတွေ ဖြစ်ပါတယ်။ ရုပ်ရည် ဘယ်လောက်ပဲလှလှ… အသားအရေဘယ်လောက်ပဲနုနု… ကိုယ် နှုတ် စိတ်အမူအရာ ကြမ်းနေပြီဆိုရင် အဲဒီလူဟာ ကျက်သရေ လုံးဝမရှိတော့ပါဘူး။ သူ့စိတ် သူ့ဘဝဟာလည်း ဘယ်တော့မှ မငြိမ်းအေးနိုင်ပါဘူး။ ကိုယ်အမူအရာနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေကိုလုပ်ရင် ကိုယ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အပြုအမူတွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေပါ။ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိုယ်အပြုအမူတွေကို ရှောင်ကြဉ်ပြီး… လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ ကာယကံပိုင်းဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေနဲ့ အညီ… အခြေအနေ အချိန်အခါအားလျော်စွာ ပုဂ္ဂိုလ် အနေအထား အားလျော်စွာ ပြုမူနေထိုင်တတ် မယ်ဆိုရင် ကိုယ်သိမ်မွေ့တယ်လို့ ခေါ်ပါတယ်။ နှုတ်အမူအရာနဲ့ မပြောသင့် မပြောထိုက်တဲ့ စကားတွေကိုပြောရင် နှုတ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့်စကားတွေဟာ မပြောသင့် မပြောထိုက်တဲ့ စကားတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ရိုင်းပျပျ စကားတွေဟာ မပြောသင့် မပြောထိုက်တဲ့ စကားတွေပါ။ မပြောသင့်မပြောထိုက်တဲ့ စကားတွေကို ရှောင်ကြဉ်ပြီး… လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ၀စီကံပိုင်းဆိုင်ရာ ကျင့်၀တ်စည်းကမ်းတွေနဲ့အညီ အခြေအနေ အချိန်အခါ အားလျော်စွာ ပုဂ္ဂိုလ် အနေအထားအားလျော်စွာ ပြောဆိုဆက်ဆံ တတ်မယ်ဆိုရင် နှုတ်သိမ်မွေ့တယ် လို့ ခေါ်ပါတယ်။ စိတ်အမူအရာနဲ့ မကြံစည်သင့် မကြံစည်ထိုက် တဲ့ အတွေးအကြံတွေကို ကြံစည်ရင် စိတ်ကြမ်းတယ် လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အတွေးအကြံတွေဟာ… မကြံစည်သင့် မကြံစည်ထိုက်တဲ့ အတွေးအကြံတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ရိုင်းပျပျ အတွေးအကြံတွေဟာ မကြံစည်ထိုက်တဲ့ အတွေးအကြံ တွေပါ။ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အတွေးအကြံတွေကို ရှောင်ကြဉ်ပြီး လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ မနောကံပိုင်းဆိုင်ရာကျင့်၀တ်စည်းကမ်းတွေ နဲ့အညီ … အခြေအနေအချိန်အခါ အားလျော်စွာ ပုဂ္ဂိုလ်အနေအထား အားလျော်စွာ ကြံစည် တွေးတောတတ်မယ်ဆိုရင် စိတ်သိမ်မွေ့တယ် လို့ ခေါ်ပါတယ်။ ရှေးလူကြီးသူမတွေက လူတစ်ယောက် ကိုယ်အမူအရာကြမ်းရင် သူ့အဖေကြမ်းလို့ လူတစ်ယောက်နှုတ်အမူအရာကြမ်းရင် သူ့အမေကြမ်းလို့ လို့ပြောဆိုလေ့ရှိကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကြမ်း နှုတ်ကြမ်းမှုကြောင့် ကိုယ့်အဖေ ကိုယ့်အမေမှာ ဂုဏ်သိက္ခာ ထိခိုက်ရပါတယ်။ လူတစ်ယောက် ကိုယ်ကြမ်းတာဟာ သူ့အဖေကြမ်းလို့ကြောင့်မှ မဟုတ်ဘဲ အမေကြမ်းလို့ကြောင့်လည်း ဖြစ်နိုင် သလို… လူတစ်ယောက် နှုတ်ကြမ်းတာဟာ သူ့အမေကြမ်းလို့ကြောင့်မှ မဟုတ်ဘဲ အဖေကြမ်းလို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မိဘကြမ်းတိုင်း သားသမီးကြမ်းတာ မဟုတ်ပါဘူး။ မိဘကြမ်းပေမယ့် သားသမီး သိမ်မွေ့နိုင်သလို… မိဘ သိမ်မွေ့ပေမယ့်လည်း သားသမီး ကြမ်းနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်နှုတ်စိတ် ကြမ်းတမ်းပြီ ဆိုရင်တော့ မိမိရဲ့ မိဘ ဆွေမျိုး ဆရာသမား ပတ်ဝန်းကျင်ရဲ့ဂုဏ်သိက္ခာ အနည်းနဲ့အများ ထိခိုက်ညှိုးနွမ်းရမှာ သေချာပါတယ်။ အဓိကကတော့ မိမိရဲ့ ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းခြင်းပါပဲ။ စိတ်ရင်း ဘယ်လောက်ကောင်းကောင်း သူများကို ဘယ်လောက် ကူညီ ကူညီ ကိုယ်ကြမ်း နှုတ်ကြမ်း စိတ်ကြမ်း ဖြစ်နေမယ်ဆိုရင် … သူ့ရဲ့ဂုဏ်သိက္ခာဟာ အပြည့်အဝ မပေါ်လွင်တော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ပေါ်လွင်ပါတော့တယ်။ သူ့ရဲ့ ကျေးဇူးတရားဟာလည်း အပြည့်အဝ မထင်ရှားတော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ထင်ရှားပါတော့တယ်။ “တို့က ဝုန်းဝုန်းဒိုင်းဒိုင်း အလုပ်အကိုင် ကြမ်း ပေမယ့် စိတ်ထားက နူးညံ့ပါတယ် ” “တို့က ဘွင်းဘွင်းရှင်းရှင်း အပြောအဆို ကြမ်းပေမယ့် စိတ်ရင်းက ကောင်းပါတယ်” ဆိုတဲ့ ဂုဏ်ယူစကားတွေဟာ တကယ်တော့ “မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ” ဆိုတဲ့ စာရင်းထဲ သွင်းရမယ့် နှစ်ထစ်ခွစကား တွေပါပဲ။ ကံကောင်းထောက်မလို့ စိတ်ထားနူးညံတယ်။ စိတ်ရင်းကောင်းတယ်ပဲထား။ ကိုယ့်ရဲ့ ကိုယ်ကြမ်း နှုတ်ကြမ်းမှုကြောင့် တစ်ဖက်သားမှာ စိတ်ချမ်းသာမှု မရနိုင်တာ ကတော့ သေချာပါတယ်။ ကိုယ်နှုတ်ကြမ်းသလောက် စိတ်ပါကြမ်းပြီ ဆိုရင်တော့ ကိုယ်နဲ့ပတ်သက်ဆက်ဆံရသူ အားလုံး အကြီးအကျယ် စိတ်ဆင်းရဲနေရ တော့မှာပါပဲ။ ကိုယ်ကြမ်း နှုတ်ကြမ်းသူဟာ သူ့စိတ်နဲ့မတည့် တဲ့တစ်နေ့မှာ သူတစ်ပါးအကျိုး ပျက်စီးလောက် အောင် စိတ်မကြမ်းဘူးလို့ ဘယ်သူအာမခံ နိုင်ပါ့မလဲ။ ကိုယ် နှုတ်ဆိုတာ စိတ်ရဲ့ ပုံရိပ်တွေဖြစ်လို့ ကိုယ်ကြမ်း နှုတ်ကြမ်း သူရဲ့စိတ်ကို နူးညံ့ပါ တယ်လို့ ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ။ စိတ်ကြမ်းရင် ကိုယ်နှုတ်ကြမ်းပါတယ်။ စိတ်သိမ်မွေ့ရင် ကိုယ်နှုတ် သိမ်မွေ့ပါတယ်။ စိတ်ကို သိမ်မွေ့စေတဲ့ တရားတွေထဲမှာ သတိပဋ္ဌာန်တရားဟာ အစွမ်းအထက်ဆုံးပါပဲ။ သတိပဋ္ဌာန်ပွားသူရဲ့ စိတ်မှာ ကိလေသာ အကြမ်းအတမ်းတွေ ကင်းရှင်းနေလို့ စိတ်လည်း သိမ်မွေ့ပါတယ်။ ပြောသင့် မပြောသင့် စဉ်းစားပြီးမှပြောတယ်။ ပြောတော့လည်း အမှတ်သတိနဲ့ ရှုမှတ်ပြီး ပြောတယ်ဆိုတော့ နှုတ်လည်း သိမ်မွေ့ပါတယ်။ လုပ်သင့် မလုပ်သင့် စဉ်းစားပြီးမှလုပ်တယ်။ လုပ်တော့လည်း အမှတ်သတိနဲ့ လုပ်တယ် ဆိုတော့ ကိုယ်လည်း သိမ်မွေ့ပါတယ်။ ကိုယ်နှုတ်စိတ် သိမ်မွေ့သူဟာ ကိုယ်ကိုယ်တိုင် လည်း အလိုလိုနေရင်း စိတ်ချမ်းသာသလို… ကိုယ့်ကြောင့် စိတ်ချမ်းသာသွားတဲ့ ပတ်၀န်း ကျင်ရဲ့ မေတ္တာတုံ့ပြန်မှုကိုလည်း ရတဲ့အတွက် ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ရပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) CRD ~
via အလင်းရောင် ဓမ္မ https://ift.tt/358IdgF
Newer Post
Older Post
Home