အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 5, 2019
"ဆူး" === ဆူးစူးတဲ့ အရသာကို လူတိုင်းခံစားဘူးပါတယ်။ ကလေးဆို ငိုတယ်။ လူကြီးဆို အံကြိတ်ညည်းငြူတယ်။ တော်တော်အခံရခက်တဲ့ ခံစားမှုမျိုးပါ။ လျှောက်ဆူးဆို အဆိပ်ပါတက်သေးတာ။ လောကမှာ ဆူးမစူးဘူးတဲ့သူ မရှိပါဘူး။ သွားနေ လာနေ လုပ်ကိုင်နေကြရင်းက ဆူးစူးမိတတ်ကြတယ်။ လက်ကိုစူးတယ်။ ခြေထောက်ကိုစူးတယ်။ ဒီထက်ဆိုးရင် မျက်စေ့ကိုစူးတယ်။ ဘယ်တစ်ခုမှ မသက်သာပါဘူး။ စူးမိတဲ့ ဆူးတွေထဲမှာ နှလုံးသားကို စူးတဲ့ဆူးက ပိုနာကျင်သလို၊ နှုတ်ဖို့လည်း ပိုခက်တယ်။ နာကျင်ရုံမက ရူးပင်ရူးသွားနိုင်ပါတယ်။ ဥစ္စာဆူး၊ ဂုဏ်ဆူး၊ ပညာဆူး၊ ဆွေမျိုးဆူး၊ အာဏာဆူး တွေဆို ဆူးမိရင် နှုတ်ဖို့ခက်ခဲပြီး၊ ရူးသွားရတော့တာပါပဲ။ စိတ်ကျန်းမာရေးဖောက်ပြန်သွားတော့တာပေါ့။ စိတ်ရောဂါကုဆေးရုံမတက်ရပေမဲ့ ဒီအရူးတွေက ပိုအန္တရာယ်ရှိတယ်။ ပါတ်ဝန်းကျင်ကို ဆိုးကျိုးအပေးဆုံး စိတ်ဝေဒနာရှင်တွေပေါ့။ သူတို့က ပိုပါးနပ်ပြီး တစ်ဖက်သားကို ပိုနစ်နာအောင်လုပ်တတ်ကြတယ်။ ဒါ့အပြင် ဒီဆူးတွေ စူးမိတယ်ဆို အမြင်အာရုံပါဖောက်ပြန်သွားတယ်။ သူ့တစ်ဘက်တည်းပဲ မြင်တတ်တော့တယ်။ သူသာလျှင်တော်၊ သူသာလျှင်မှန်၊ သူသာလျှင်သမာသမတ်ကျ၊ သူသာလျှင်သူတော်ကောင်းလို့ မြင်သွားတော့တယ်။ တစ်ပါးသူသည် သူ့လောက်အသုံးမကျတော့၊ မတော်တော့ဘူးလို့ မြင်သွားတယ်။ သနားစရာအကောင်းဆုံး စိတ်ဝေဒနာသည်မျိုးပါ။ ဆေးမတိုးတော့တဲ့ရောဂါမျိုးပေါ့။ "ဟယ်---- သွား သွား သွား၊ ဘယ်ကဟာတွေမှန်းမသိဘူး၊ ကိုယ့်အဆင့်ကိုယ်မသိဘူး၊ ရှုပ်ရှုပ်ရှက်ရှက်" ----- ဒီလိုပြောပြီဆို သေချာနေပြီ၊ ရောဂါကျွမ်းနေပြီ။ "ငါ့များဘာမှတ်နေလဲ၊ သူလိုကောင်စားကများ ငါ့ကိုဒီစကားပြောရအောင် တူလို့တန်လို့လား"---- ဒီလိုပြောပြီဆို ဗေဒင်မမေးနဲ့၊ အဲဒါဆေးမတိုးတော့ဘူး။ "နေနှင့်ဦးပေါ့ဟယ်၊ အလှည့်ကျ မနွဲ့စတမ်းပေါ့၊ တစ်နေ့ငါ့အကြောင်းသိစေရမယ်" ဒီလိုပြောပြီဆို ဆရာမပြနဲ့တော့၊ သူကဆရာကို ပြန်ကုသွားလိမ့်မယ်။ "ငါ့သားကဒီလိုတော်တာ၊ ငါ့သမီးက ဘယ်လိုပညာတတ်တာ၊ ဘယ်ဝန်ကြီးက ငါ့ဦးလေး ၂၅ ဝမ်းကွဲတော်တယ်"-------- ဒီလိုပြောရင်တော့၊ သူ့ထက်သာအောင် ပဒိုင်းသီးသာ စားပြလိုက်ပေတော့။ အားလုံးလက်မြှောက်ထားရတဲ့ အရူးရောဂါမျိုးပါ။ သတိလွတ်တာနဲ့ ဒီဆူးတွေစူးမိပြီး ရူးကြတော့တာပါပဲ။ ဒါကြောင့်ဘုရားက "ပုထုဇ္ဇနော ဥမ္မတ္တကော" လို့ ဟောခဲ့တာ။ အဲဒီဆူးတွေထဲမှာ ဘာသာရေးဆူးက ကြောက်စရာအကောင်းဆုံး။ ဒီဆူးစူးမိပြီဆို အရူးနာလို့ မဂ်တား ဖိုလ်တားပါဖြစ်တော့တာ။ ကိုယ့်ကိုယ်တွင်းမှာတရားမရှာပဲ မျက်စောင်းထိုးကာ၊ နှုတ်ခမ်းရွဲ့ကာနဲ့ သူများတွေရဲ့ အယူဝါဒကို ပျက်ရယ်ပြု၊ အပုပ်ချနေတတ်တယ်။ သူကိုယ်တိုင်က မီးတောက်နေတာ သူ့ကိုယ်သူ မမြင်တော့ဘူး။ " ဒီလိုကျင့်လို့ မဂ်ရမယ်မှတ်နေလား၊ သူတို့လမ်းလွဲနေတယ်၊ ကျုပ်ရဲ့ကျင့်စဉ်ကမှ တဏှာသတ်နိုင်တာ၊ သူတို့ဆရာက တို့ဆရာလောက် တရားပြမကောင်းဘူး၊ တရားမသိဘူး၊ တို့ဆရာရဲ့ အယူကမှမှန်တာ၊" ဒီလိုမျိုးတွေပြောပြီဆို၊ သူ့မှာတရားမရှိတာသိသာသွားပါပြီ။ တရားသိ၍ စိတ်ကျန်းမာရေးကောင်းသူသည် သူ့ကိုကြည့်မည့်အစား ကိုယ့်ကိုယ်ကိုသာကြည့်တတ်သည်။ သူ့ကိုယ်ကဲ့ရဲ့မည့်အစား ကိုယ့်အမှားကိုရှာ၍ ပြင်တတ်သည်။ သူ့မကောင်းကြောင်းပြောမည့်အစား ကိုယ့်ဟာကွက်ကိုရှာ၍ ဖာတတ်သည်။ သူ့ဆရာ ငါ့ဆရာ ငြင်းမည့်အစား ဘုရားစကားကိုသာ လေးလေးစားစားလိုက်နာ ကျင့်ကြံနေတတ်သည်။ သူတဏှာသတ်တာစိတ်မဝင်စား ကိုယ်တဏှာငြိမ်းဖို့ ကျိုးစားသည်။ အပြောနဲ့ အချိန်ကုန်မခံ အလုပ်နှင့်သာပျော်တတ်သည်။ အများနှင့်ပြဿနာမဖြစ် တစ်ကိုယ်တည်းနေ၍ အေးချမ်းနေသည်။ ဤသို့သော လူသားများကို ဆူးမစူးသောလူသားများဟု ဘုရားချီးကျူးတော်မူပါသည်။ သွားလည်းသတိ၊ ထိုင်လည်းသတိ၊ ပြောလည်းသတိ၊ စားလည်းသတိရှိသူများ အမှားကင်း၍ ဆူးစူးမည့်ဘေးမှ လွတ်ပါလိမ့်မည်။ ဒီလိုဆို လောကမှာ ဆူးမစူးအောင်ဘယ်လိုနေကြမလဲ။ ဘုရားကလမ်းပြပြီးသားပါ။ ဥပမာအားဖြင့်------- ဆူးတောထဲ ဝင်တော့မယ့် လူတစ်ယောက်ဟာ ရှေ့မှာလည်းဆူး၊ နောက်မှာလည်းဆူး၊ ဘယ်ဘက်ကဆူး၊ ညာဘက်လည်းဆူး၊ အပေါ်ကြည့်လည်းဆူး၊ အောက်မှာလည်းဆူး----- ဆူးတွေဝိုင်းနေတော့ ရှေ့တက်လည်း ငါ့ကိုဆူးမစူးပါစေနဲ့လို့ သတိထားပြီးတက်ရသလို၊ နောက်ဆုတ်ပြန်တော့လည်း ဆူးစူးမှာကြောက်လို့ သတိနဲ့ ဆုတ်ရတယ်တဲ့။ ဒီလိုပါပဲ လောကအလည် ကျင်လည်ကျက်စား၊ ပြုမူပြောဆို၊ ဆက်ဆံနေကြရတော့ သတိထားပြော၊ သတိထားသွား၊ သတိနဲ့နေ၊ သတိနဲ့စား၊ ကိလေသာဆူးတွေ မစူးပါစေနဲ့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရာရာကို သတိလက်ကိုင်ထား၍ လုပ်လျှင်၊ ဆူးမစူးတော့ပါဘူးလို့-------- ဘုရားရှင် ဟောကြားထားပါတယ်။ လောဘဆူးတွေစူးလို့၊ ဒေါသဆူးတွေစူးလို့၊ မာနဆူးတွေစူးလို့၊ ဣဿာ မစ္ဆရိယဆူးတွေစူးလို့ ------ နှလုံးသားအနာတရနဲ့ အရူးနာကျခဲ့တာ ကြာလှပြီ။ သတိမရနိုင်သေးရင်တော့ အရူးနာကြာညောင်းလို့ အခါတွေနှောင်းပါတော့မယ်။ အရူးအိပ်မက်က နိုးထဖို့ အချိန်တန်နေပါပြီ။ နိုးထလိုက်ပါတော့လို့ ကြင်နာစွာနှိုးလိုက်ပါရစေ---------------- အိပ်ရာထတော့နော်------------------- မေတ္တာဖြင့် အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် သုဓမ္မပန်းခင်း Dhamma Garden page မှ
via အလင်းရောင် ဓမ္မ https://ift.tt/2YhKcfM
Newer Post
Older Post
Home