Monday, September 9, 2019

အိုဘယ့် ...ယသော်ဓရာ ♥♥♥♥♥♥ အလောင်းတော်ရဲ့ပါရမီဖြည့်ဖက် ယသော် သို့မဟုတ် မင်းသမီး ဘဒ္ဒကဉ္စနာ.... သူ့အကြောင်းတွေကို ဂဃနဏသိသူ ရှားပါတယ်....။ ယသော်ဓရာ ဟာ ဘုရင်သုပ္ပဗုဒ္ဓနှင့် အမိတာ၏သမီးတော်တစ်ပါးဖြစ်ပါတယ်။ အမိတာ ဆိုတာ သိဒ္ဓတ္ထမင်းသား၏ ဖခင် သုဒ္ဓေါဒန မင်းကြီး၏ နှမအရင်း ဖြစ်ပါတယ်။ ယသော်ဓရာမင်းသမီးသည် သိဒ္ဓတ္ထမင်းသားလိုပဲ ကဆုန်လပြည့် မှာပဲ မွေးဖွားလာခဲ့ပါတယ်။ သူမ ၏ မျိုးရိုးအစဉ်အဆက်မှ ဘိုးတော် အဉ္ဇနမင်းသည်ကောလိယ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သလို သူမ ဖခင် သုပ္ပဗုဒ္ဓသည်လည်း ကောလိယ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါတယ်။ မိခင် အမိတာဆိုသည်မှာ သကျမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပါတယ်။ ထိုအချိန်က ကောလိယနှင့် သကျ မျိုးနွယ်တို့ဆိုသည်မှာ အထက်တန်းစား အာဒိစ္စဂိုဏ်း တိုင်းပြုပြည်ပြု ခတ္တိယ များဖြစ်ကြပါတယ်။ သမီးပေး သားပေး လက်ထပ်ထိမ်းမြှားတဲ့ အခါမှာလည်း အခြားအနွယ်မတူသူနှင့် သွေးနှောခြင်း မပြု ကြပဲ ယင်းတို့ အဆင့်တူမျိုးနွယ်အချင်းချင်းသာ လက်ထပ်ထိမ်းမြှားပေးတတ်ကြပါတယ်။ ယသော်ဓရာ မင်းသမီးသည် သကျမင်းသား ဝမ်းကွဲမောင် သိဒ္ဓတ္ထနှင့် လက်ထပ်ခဲ့တယ်။ထိုအချိန်က သူမအသက်ဟာ တစ်ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးတယ်။ သူမ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ်မှာ သားတော်တစ်ပါး ဖွားမြင်ပါတယ်။ သားတော်လေးအမည်က အများသိတဲ့ ရာဟုလာဖြစ်ပါတယ်။ ထိုရာဟုလာ သားတော်မွေးဖွားသည့် နေ့မှာပင် မင်းသားသိဒ္ဓတ္ထ သည် ယသော်ဓရာနဲ့ ကပိလဝတ်နန်းတော်ကို စွန့်ခွာပြီး တရားရှာဖို့ တောထွက်သွားခဲ့တယ်။ အဲဒီနေ့က စပြီး ယသော်ဓရာရဲ့ ဘဝဟာ ပျော်ရွှင်ခြင်းများဆိတ်သုဉ်းခဲ့ပြီး ဝမ်းနည်းခြင်း၊ လွမ်းဆွတ်တမ်းတခြင်းတွေနဲ့သာ နေ့ရက်များစွာကို ဖြတ်သန်းခဲ့ရပါတယ်။ ယသော်ဓရာဟာ တောထွက်သွားတဲ့ မင်းသားသိဒ္ဓတ္ထ၏ သတင်းကိုအမြဲနားစွင့်လျှက် ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားက မြတ်သောအကျင့်အတွက် ရတနာအဆင်တန်ဆာ ဘယက်ဒွါဒယာတွေကို စွန့်လိုက်ပြီ.... လို့ သတင်းကြားလျှင် ယသော်ဓရာသည်လည်း သူမရဲ့ လက်ဝတ်တန်ဆာ ရတနာမှန်သမျှ မဝတ်ဆင်တော့ပဲ စွန့်လိုက်တော့တယ်။ မင်းသားက သစ်ခေါက်ဆိုးရောင်အဝတ်ကိုသာ ဝတ်တယ် လို့ကြားရလျှင် ယသော်ဓရာသည် လည်း အဆင်အသွေးစုံအဝတ်တန်ဆာများကို စွန့်လျှက် သစ်ခေါက်ဆိုးရောင်ကိုသာ ဝတ်ဆင်တော့တယ်။ တစ်နေ့ကို ထမင်းတစ်နပ်သာ စားတော့သည်ဟု ကြားရပါလျှင်လည်း ယသော်ဓရာသည် တစ်နပ်သာစားတော့တယ်။ အခုလို သူမ တွေ့ကြုံနေရသည့် အခြေအနေမှာ အခြားသောမင်းသားများစွာကသူမကို စောင့်ရှောက်ဖို့ လက်ထပ်ဖို့ အကြိမ်ကြိမ် ကမ်းလှမ်းကြပါတယ်။ သူမက အခါခါငြင်းဆိုလျှက်သာ ကမ်းလှမ်းချက်မှန်သမျှကို ပယ်ချခဲ့တယ်။ သူမကို ထားသွားသည့် ခြောက်နှစ်ပတ်လုံး မင်းသားသိဒ္ဓတ္ထ၏ သတင်းကိုသာ နေ့စဉ်စောင့်စားရင်း သိဒ္ဓတ္ထမင်းသားနဲ့ အတွေးထဲမှာအတူနေထိုင်ခဲ့တယ် ဆိုရင် မမှားပေ။ ခြောက်နှစ်ကြာပြီးနောက် အလောင်းတော်သိဒ္ဓတ္ထသည် သဗ္ဗညုတရွှေဥာဏ်ရပြီးသောအခါ "ဗုဒ္ဓ" အဖြစ် ယသော်ဓရာမင်းသမီးရှိရာ ဇာတိမြေ ကပိလဝတ်သို့ ကြွလာတော်မူခဲ့ပါတယ်။ ဒါပေမယ့်....ယသော်ဓရာဟာ တချိန်က သူမရဲ့ကြင်ဖက်သက်လျာ "ဗုဒ္ဓ" ကို ထွက်ပြ်ီး မတွေ့ခဲ့ပါဘူး။သားတော်ရာဟုလာကိုသာ အမွေတောင်းရန်ဆိုပြီး ဗုဒ္ဓဆီသွား၍ တွေ့စေခဲ့ပါတယ်။ သူမကိုယ်တိုင်အတွက်တော့.... "ငါ၏ ပေးဆပ်မှုကို နားလည်ပြီိး ငါ့အတွက် တန်ဖိုးတစ်စုံတရာ ရနိုင်သေးရင် ငါ့အရှင်ကိုယ်တိုင် ငါ့ကို လာတွေ့လိမ့်မယ် "လို့သာ တွေ့ထင်ယုံကြည်နေခဲ့တယ်။ နောက်ဆုံးမှာ ရှင်တော်ဗုဒ္ဓကလည်း ဖခမည်းတော် သုဒ္ဓေါဒနနဲ့အတူ ယသော်ဓရာ၏ အခန်းရှိရာ စံနန်းဆောင်ကို ကြွတော်မူပါတယ်။ ပြီးနောက် " စံနန်းဆောင်ရောက်ရင် ယသော်ဓရာ ကြိုက်သလို ရိုသေဦးညွှတ်မှု လုပ်ပါစေ....၊ ဘယ်သူမှ မတားဆီိးကြပါလင့် " ဟူ၍ မိန့်တော်မူပါတယ်။ အဲဒီနောက် ယသော်ဓရာ၏ ခန္တီပါရမီရှိမှုကို ဗုဒ္ဓသည် ချီိးမွမ်းတော်မှုကာ သူမသည် ယခုဘဝတွင်သာသူ၏ ပါရမီဖြည့်ဘက်အဖြစ် ပေးဆပ်ခဲ့တာမဟုတ်ပဲ ဘဝအဆက်အဆက် ပေးဆပ်ကူညီခဲ့တာ ဖြစ်ကြောင်းမိန့်ဆိုတော်မူပြီိး အတိတ်ဘဝ စန္ဒကိန္နရီိဇာတ်ကို ဟောပြပါတယ်။ သားတော်ရာဟုလာ ရဟန်းဖြစ်ပြီးနောက်ပိုင်း ယသော်ဓရာ မင်းသမီး သည် ဘိက္ခူ၊ဘိက္ခူနီများကို အကြိမ်ကြိမ် ဆည်းကပ်၍ ထိုအရှင်တို့၏ တရားထူးတရားမြတ်ကို များစွာနှစ်သက်နေခဲ့တယ်။ ထို့ နောက် မြတ်ဗုဒ္ဓသာသနာတော်တွင် ပထမဦးဆုံး ဘိက္ခူနီများဖြစ်သည့် မိထွေးတော် ပဇာပတိဂေါတမီဦးဆောင်သော သာကီဝင်မင်းသမီးငါးရာတို့ကဲ့သို့ ယသော်ဓရာမင်းသမီးသည်လည်း သာသနာတော်တွင်းသို့ ဘိက္ခူနီအဖြစ် ဝင်ရောက်ခဲ့ပါတော့တယ်။ နောက်ဆုံးအချိန်သည် မြတ်ဗုဒ္ဓ၏ နှစ်နှစ်စော၍ သက်တော် ၇၈ အရွယ်မှာ ရဟန္တာဘိက္ခူနီမအဖြစ် ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။ တစ်နေ့မှာ.... ယသော်ဓရာဘိက္ခူနီ(ဘဒ္ဒကဉ္ဇန)ဟာ ပရိနိဗ္ဗာန်ပြုခွင့်ရဖို့ မြတ်ဗုဒ္ဓထံမှာလျှောက်ထားပါတယ်။ အခြံအရံ ဘိက္ခုနီမများနဲ့အတူ မြတ်စွာဘုရားထံ ၀င်ရောက်ပြီး အတိက်ဘ၀ တစ်စိတ်တစ်ပိုင်း တို့ကိုလည်း ပြန်ပြောင်း လျှောက်ထားတယ်။ ပြီးတော့ အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဘ၀ကို အရှင့်အတွက် သက်သက် စွန့်လွှတ် ဖြည့်ကျင့်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ချွတ်ယွင်းချက်များ ရှိရင်လည်း ခွင့်လွှတ့်ဖို့ လျှောက်ထားတာပါ။ “ဒီပင်္ကရာမြတ်စွာဘုရားကို ပူဇော်ဖို့ ကြာပန်းရှစ်ခို်င်ကိုယူပြီးအလာ ပရိသတ်ဗိုလ်ပုံအလယ်မှာ ထင်ရှားတဲ့ သုမေဓာရှင်ရသေ့ကို ဖူးမြင်လိုက်ရတယ်.... ကာလချိန်ကြာ ချစ်ကြင်နာခဲ့ရသူ.... စိတ်နှလုံးကို သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရှင်ရသေ့ကို ဖူးမြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် ‘ငါဟာ အသက်ရှင်ရကျိုးနပ်ပြီ’လို့ ခံစားလိုက်ရ ပါတယ်...." (ထေရီအပဒါန် ၃၆၅-၆) “ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား… ဘ၀ပေါင်း ကုဋေအထောင်မက မယားပြုဖို့ အတွက်ကော၊ အစားအစာ ပြုဖို့အတွက်ပါ အကျွန်ုပ်ကို သူတစ်ပါးအား ပေးလှူခဲ့ ပေမယ့် အရှင်ဘုရားအား (သဗ္ဗညုတဉာဏ် ရရှိနိုင်ရေးကို ရှေးရှုပြီး) စိတ်ဖောက်ပြန် ငြိုငြင်ခြင်း လုံးဝ မဖြစ်ခဲ့ပါ။ အရှင်ဘုရားအကျိုးအတွက် ချမ်းသာခြင်းနဲ့ကြုံရတဲ့အခါ ၀မ်းမြာက်ခဲ့သလို ဆင်းရဲမှုနဲ့ ကြုံရတဲ့အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါ။ ချမ်းသာနဲ့ ဆင်းရဲနှစ်မျိုးလုံးမှာ ချိန်ခွင်လျှာပမာ ညီမျှခဲ့ပါတယ်....” (ထေရီအပါဒါန်) စတဲ့ ဂါထာပေါင်းများစွာနဲ့ လျှောက်ထားပြီးတော့မှ- "ပါရမီဖြည့်စဉ် သံသရာခရီးတစ်လျှာက် ချွတ်ချော် မှားယွင်းမှုများ ရှိခဲ့ရင်လည်း အပြစ်ကို သည်းခံတော်မူပါ...”လို့ လျှောက်ထားခဲ့ပါတယ်။ သံသရာတစ်လျောက်ကို သိခဲ့ပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်ကတော့.... “ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲဖြစ်တဲ့ သင့်ကို ဘာများ အထူးပြောစရာ ရှိပါတော့မလဲ ယသော်ဓရာ....” တဲ့။ Edit by AshinZawana(ဓမ္မစမ်းရေ) Credit to orginal uploader.


via အလင်းရောင် ဓမ္မ https://ift.tt/2ZJ1J4x