အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 9, 2019
တပည့်ရဟန်း ဟောသောတရားကို တစ်ညလုံးနာခဲ့သော မြတ်ဗုဒ္ဓ ==================== တစ်နေ့သ၌ ဘုရားရှင်သည် နန္ဒကမထေရ် တရားဟောနေသော နေရာသို့ ရောက်ရှိရာ ပရိတ်သတ်အစွန်၌ ရပ်လျှက်ပင် တရားတော်ကို နာကြားတော်မူလေ၏။ ညဥ့်သုံးရံ ကာလပတ်လုံး တရားနာကြားပြီးသောအခါ သာဓုခေါ်ဆိုတော်မူ၏။ နန္ဒကမထေရ်သည် ထိုသို့ရပ်လျက် တရားနာကြားတော်မူနေသော ဘုရားရှင်အားမြင်သော် လာရောက်ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့လျှောက်ထား၏။ “ မြတ်စွာဘုရား ဘယ်အချိန်က ကြွလာတော်မူပါသလဲဘုရား” “သင် သုတ္တန်တရားကို စဟောချိန်ကတည်းက ငါဘုရား ရောက်နေတာ”ဟု မိန့်တော်မူရာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင်ဘုရားသည်အလွန် နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍လျှောက်၏။ ထိုအခါ ဘုရားရှင်က နန္ဒကမထေရ်အားမိန့်ကြား တော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့”ဟူ၍ မိန့်တော်မူ ခဲ့လေ၏။ တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားသည်ပင် တရားနာကြားခြင်း အမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကိုအဘယ်သို့သော သဒ္ဒါရုံ(အသံ)ဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ ဓမ္မအသံဖြင့်သာ အလှဆင်သင့်ပေ၏။ ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူးကြပါမည်။ ဖားကလေးသည် ရှင်တော်မြတ်ဗုဒ္ဓ၏ အသံတော်ကို သာယာသောစိတ်ဖြင့် နာကြားနေချိန် နွားကျောင်းသား၏ တုတ်နှင့်ထောက်မိသဖြင့် သေဆုံးကာ နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက်နတ်ပြည်မှ မိမိ၏ဘဝဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားသံ မဆုံးသေးခင် လူ့ပြည်သို့ဆင်းကာ ဆက်လတ်တရား နာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။ တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ တပည့်ရဟန်းငါးရာတို့သည်လည်းတစ်ခုသောဘ၀မှာ လင်းနို့ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်းမြောက်မှုဖြင့် နာကြားခဲ့ဖူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရားလက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာဖြစ်ခဲ့ကြပေသည်။ တရားဓမ္မကို မြတ်နိုးသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့အနေဖြင့် ယခုအချိန်အခါမှာ ဆရာတော်ကြီးများဟောကြားနေသော တရားတော်များအလွယ်တကူရရှိ နာကြားနေနိုင်သည်မှာ အလွန်ပင် ကံကောင်းပါသည်။ တရားဓမ္မများကို များများနာကြားခြင်းဖြင့် မိမိတို့ဘဝမှာ လုပ်သင့်,မလုပ်သင့်၊ အကျိုးရှိ,မရှိ၊ ကုသိုလ်,အကုသိုလ်၊ မှား,အမှန်တို့ကို ခွဲခြားသိမြင်နိုင်ပါသည်။ တရားနာရခြင်းကြောင့်... ၁။မကြားဖူးသော အကြောင်းအရာများကို ကြားရခြင်း၊ ၂။ ကြားဖူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊ ၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊ ၄။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊ ၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။ စသောအကျိုးတရားများကို လက်တွေ့ရရှိနိုင်ပါသည်။ စာဖတ်သူများသည်လည်းတရားတော်များကို နာကြားကာ တရားတော်များအတိုင်း ကျင့်ကြံပွားများ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။....။ မေတ္တာဖြင့်..... #ဓမ္မရေစင် 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ZTU8zc
Newer Post
Older Post
Home