အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 29, 2019
သီလနှစ်မျိုး ••••••••••••• သီလ ဟူသည် စောင့်စည်းရသောအကျင့် ဆိုသည်ကို သဘောပေါက်ပြီ ထင်၏။ • အတွင်းမှစိတ် ပြင်ပအာရုံတို့သို့ မလိုက်သာအောင် • ပြင်ပအာရုံတို့မှ ကပ်ပါလာသော ကိလေသာ များ အတွင်းစိတ်သို့ ဝင်ရောက်မခိုလေအောင် ထိုနှစ်ချက်သည် သင်ဆောက်တည်ထားသော သီလ၏အစွမ်းသတ္တိဟူ၍လည်းသဘောပေါက် သင့်ပြီထင်၏။ သီလသည် အတွင်းစိတ်ကို စောင့်စည်း၍ ပြင်ပကိလေသာကို ပိတ်ဆို့ပေးခြင်း။ ထိုသီလသည်လည်း (က) ရိုးရိုးသီလ မိရိုးဖလာ ဓလေ့ထုံးစံအတိုင်းသာ အာမဘန္တေဖြင့် ခံယူထားခြင်း။ (ခ) ပါရမီသီလ မိမိစေတနာကံ ဆင်ခြင်ဉာဏ်ဖြင့် သူတော်ကောင်းဓလေ့သို့ ကူးဝင်လာခြင်း။ ထိုသိုနှစ်မျိုးရှိချေရာ ယနေ့ဥပုသ်နေ့ဖြစ်သဖြင့် ကျောင်းကန်ဘုရားသို့ တက်ကာ ဒါနပြုခြင်း သီလဆောက်တည်ခြင်းမျိုးတို့သည် အကယ်တိ "အပ္ပမာဒသတိ" မမေ့မလျော့ ၂၄နာရီ လုံးလုံး သတိလက်မလွှတ်ဖြင့် • သရဏဂုံသုံးပါး တစ်ပါးပါးကို ကမ္မဌာန်းအဖြစ် မပွားတုံပဲ "အာမဘန္တေ" ခံရုံမျှဖြင့် အချိန်ကုန်သော် … • စားသောက်ရာတို့၌ အရသာခံပြီး စားသုံးဦးမည်ဆိုသော်… • အိပ်ခြင်း ထသော် စကားပြောခြင်း များဖြင့် အချိန်ကုန်လွန်ချေသော် … သင်ကား "သီလယူသည်" ဆိုသော အမည်ပင် မခံထိုက်ပြီ။ သင့်အကျင့်ကား စောင့်စည်းခြင်း ပိတ်ဆို့ခြင်း အလျဉ်းကင်းနေသောကြောင့်တည်း။ ထိုသီလမျိုးသည် မိဘတို့၏ ဓလေ့လိုက်၍ တုနေခြင်းသာဖြစ်သဖြင့် သီလစစ်လည်း မဖြစ်နိုင်။ မည်သည့်ကိလေသာတို့မျှ ပယ်သတ်နိုင်မှု မရှိခြင်း။ သီလဆောက်တည်ရင်းမှ မည်သည့် ဉာဏ်မျှ မပေါ်လာခြင်းများကြောင့်လည်း သီလမှ ပါရမီသို့ မတက်နိုင်။ သီလကိုမှီ၍ ပယ်သင့်သော အယုတ်စုတရားများ ပယ်ခဲ့ခြင်း ဆယ်သင့်သော အမြတ်စုတရားများကိုလည်း ဆယ်ယူခြင်းဟူသည့် အမှန်မြင် အမှားစင်မျိုး မဖြစ်သေးသမျှ … သင်ကား ပါရမီဖြင့် ဆောက်တည်သော သီလမျိုးမဖြစ်နိုင်။ သိက္ခာရှင်များက သင့်အားသိက္ခာတင်ပေး သော်ငြားလည်း သင်ကား အာမဘန္တေဖြင့်သာ လျှာဖျား၌ပင် ခရီးဆုံးနေခဲ့သည် မဟုတ်ပါ လော။ ၁။ သိက္ခာရှင်က သရဏဂုံပေးပြီးစဉ်ခဏ "တိသရဏ ဂမနံ မဟာပရိပုဏ္ဏံ" သင်ယူထားသော သရဏဂုံများကို များများပွားလော့ဟူ၍ သတိပေးစဉ် ကလည်း "အာမဘန္တေ" ၂။ တဖန် သီလပေးပြီးနောက် "ဓမ္မံအပ္ပမာဒေန သမ္ပာဒေထ" တရားကို မမေ့သောသတိနှင့် အားထုတ်လော့ သတိပေးပြန်တော့လည်း "အာမဘန္တေ" သင်သည် ထိုသို့အာမဘန္တေခံပြီးနောက် သင်တာဝန်ယူထားသော သရဏဂုံပွားများ ခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်းဖြင့် ကာမဂုံအာရုံတို့၏ ဆန့်ကျင်ဘက် ဓမ္မ အာရုံသို့ သင့်စိတ် ပြောင်းငဲ့မပေးသော် သင့်စိတ် အာရုံမှမလုံနိုင်။ သင့်စိတ် အာရုံမလုံသော် ကိုယ်၏အရံ ဖြစ်သော မျက်စိတံခါး နားတံခါး နှာခေါင်း တံခါး လျှာတံခါးတို့က အစောင့်မဲ့ တံခါးချည်း ဖြစ်ချေရာ၏။ သင့်ကိုယ်ထည်ကြီးကား အချုပ်ခံထား ရသော ရာဇဝတ်သားပမာ ရှိချေရာ၏။ ထိုသီလမျိုးကား ချုပ်တည်းရသော အချုပ်သား သီလမျိုးသာ ဖြစ်သဖြင့် … နောက်တစ်ရက်သို့မဟုတ် မိမိအဓိဌာန် ပြည့်သည်နှင့် တစ်ပြိုင်နက် … ရန်ဘက် ကိလေသာတို့က အငြိုးကြီးကြီးဖြင့် တန်ပြန်ဖိစီးလာကြလေရာ သင်ကား သုံ့ပန်း ဘဝဖြင့်သာ အသက်ကုန်ရာ၏။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး "ပါရမီ ပရိစယကထာ"မှ Via : Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/2yhNdAG
Newer Post
Older Post
Home