Sunday, July 28, 2019

ကာဠဒေဝိလရသေ့ကြီး၏ ပြုံးရယ်ခြင်းနှင့် ငိုကြွေးခြင်းအကြောင်း __________________________________ ကာဠဒေဝိလရသေ့သည် အဘိညာဏ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ရသောရသေ့မြတ်ဖြစ်၍ ရှေးလွန်လေပြီးသော အတိတ်၌ ကမ္ဘာလေးဆယ် နောက်လာလတ္တံ့သောအနာဂတ်၌ကမ္ဘာ ၄၀ ဤသို့ရှေ့နောက်ကမ္ဘာ ၈၀ တို့ကို အောက်မေ့ ဆင်ခြင် သိမြင်နိုင်ပေ၏ ကာဠဒေဝိလရသေ့သည် အလောင်းတော်မင်းသား၏ ပြည့်စုံသော လက္ခဏာကြီးငယ်ကို ကြည့်ရှုလျက် "ဘုရားစင်စစ်ဖြစ်အံ့လော မဖြစ်အံ့လော"ဟု စိစစ်ဆင်ခြင်တော်မူလတ်သော် "ဤ မင်းသားသူငယ်ကား ယုံမှားဖွယ်မရှိ ဧကန် စင်စစ်ဘုရားဖြစ်လတ္တံ့"ဟု အနာဂတံသဉာဏ်ဖြင့် သိမြင်လေ၍ "ဤ မင်းသားကား အံ့သြဖွယ်ရာ ထူးမြတ်စွာသော ယောက်ျားပေတကား"ဟု အားရဝမ်းသာ ရှိလှစွာ၍ ပြုံးရယ်တော်မူလေသည် ထို့နောက်တစ်ဖန် "ငါသည် ဤမင်းသား ဘုရားဖြစ်သည်ကို ဖူးမြော်ခွင့် ရပါအံ့လော မရအံ့လော"ဟု ဆင်ခြင်ပြန်လေသော် "ဖူးမြော်ခွင့် ရတော့မည်မဟုတ်ချေ ငါသည် ဤအလောင်းတော်မင်းသား ဘုရားမဖြစ်မီပင် သေလွန်၍ ဘုရားအရာအထောင်တို့ပင် ကြွရောက်ချဉ်းကပ်၍ အမြိုက်တရား ဟောကြားသိမြင်စေခြင်းငှာ မတတ်နိုင်သည့် အရူပဘုံ၌ ငါဖြစ်ရပေအံ့"ဟု အနာဂတံသ ဉာဏ်ဖြင့်ပင် သိမြင်လေ၍ "ငါသည် ဤသို့ ပါရမီကျေးဇူး ဂုဏ်အထူးတို့နှင့် ပြည့်စုံသော အံ့ဖွယ်ကောင်းလှသည့်ယောက်ျား ဘုရားဖြစ်သည်ကို ဖူးမြော်ခြင်းငှာ ရတော့မည်မဟုတ်ချေ ဤသို့ဘုရားဖြစ်သည်ကို မဖူးမြော်ရခြင်းသည် ငါ့အတွက်တာ ကြီးစွာသောဆုံးရှုံးခြင်းပေတကား"ဟု သည်းထန်ပြင်းပြသော နှလုံးမသာယာ ဖြစ်ခြင်းနှင့် ငိုကြွေးလေ၏။ လူတို့ကမေးလျှောက်ကြခြင်း ထိုသို့ ကာဠဒေဝိရသေ့ကြီး ရယ်လိုက်ငိုလိုက် ပြုလုပ်သည်ကို မြင်ကြရ၍ နန်းတွင်းသူ နန်းတွင်းသား လူအများတို့က "ငါတို့၏အရှင် ရသေ့ကြီးသည် ယခုပင်ရယ်၍ တစ်ဖန် ငိုပြန်သည် ထူးဆန်းစွတကား"ဟု စဉ်းစားကြပြီးလျှင် "အရှင်ရသေ့မြတ် ...အကျွန်ုပ်တို့၏ အရှင့်သားအတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိပါသလော" ဟု မေးလျှောက်ကြကုန်၏ ထိုအခါ ဒေဝိလရသေ့ကြီးက "ဤမင်းသားအတွက် အန္တရာယ်တစ်စုံတစ်ရာမရှိပေ ဤမင်းသားသည် ဧကန်စင်စစ် ဘုရားဖြစ်လိမ့်မည်" ဟု ဖြေဆိုလေ၏ "ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် အရှင် ရသေ့သည် ငိုကြွေးတော်မူပါသနည်း" ဟု လူအပေါင်းတို့ကမေးသောအခါ ဒေဝိလ ရှင်ရသေ့က "ဤသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည့် ယောက်ျားမြတ်ဘုရားဖြစ်သည်ကို ငါဖူးမြော်ခွင့် ရတော့မည်မဟုတ် ငါ့အား ကြီးစွာသောဆုံးရှုံးမှုကြီး နစ်နာမှုကြီး ဖြစ်စွတကားဟု ကိုယ်ရေးကိုယ်တာအတွက် စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဖြစ်သည်" ဟု ဖြေဆိုလေ၏။ နာလကလုလင် ရဟန်းပြုခြင်း ဤသို့ဖြေကြားမိန့်ဆိုပြီးနောက် ကာဠဒေဝိလ ရှင်ရသေ့သည် "အလောင်းတော်မင်းသား ဘုရားဖြစ်သောအခါ ငါပင် မဖူးမတွေ့ရသော် လည်း ငါ၏ဆွေမျိုးထဲမှ တစ်စုံတစ်ယောက် သောသူသည် ဤမင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့ခြင်းငှာ ရနိုင်ဦးမည်လော" ဟု ဆင်ခြင်ကြည့်ရှုပြန်လေသော် မိမိနှမငယ်၏သား နာလကလုလင်ကို "ငါ့တူ နာလကသည်ကား ဤအလောင်းတော်မင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့နိုင်ပေလိမ့်မည်"ဟု မြင်တော်မူကာ မိမိ၏နှမအိမ်သို့ ကြွရောက်ပြီး လျှင် နာလကလုလင်ကို ခေါ်စေပြီးသော် မိမိထံမှောက် ရောက်လာသောနာလကကို "ငါ့တူ အမောင်နာလက...သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်မှာ သားတော်တစ်ပါး ဖွားခဲ့လေပြီ ထိုသားတော်သည် ဘုရားညွန့်လျာဖြစ်သည် ထိုသားတော်အသက် ၃၅ နှစ်လွန်လေလျှင် လူတွင်ထင်ရှား ဘုရားဖြစ်လိမ့်မည် ငါ့တူသည် ထိုဘုရားကို ဖူးမြင်ထိုက်သူ ဖြစ်ပေသည် ထို့ကြောင့် ငါ့တူ ယနေ့ပင် ရဟန်းပြုလော့ " ဟု မိန့်ဆိုတိုက်တွန်းလေသည် ထိုနာလကလုလင်သည် ၈၇ ကုဋေ ကြွယ်ဝသော မိဘအိမ်၌ဖြစ်ရသောသူငယ်ပင် ဖြစ်လင့်ကစား "ငါ၏ ဦးကြီးတော်(အမေ့မောင်)သည် ငါ့ကို အကျိုးမရှိသောအရာ၌ တိုက်တွန်းလိမ့်မည်မဟုတ် အမှန်စင်စစ် အကျိုးရှိမည့်အရာဖြစ်၍သာ ဤသို့ တိုက်တွန်းပေသည် " ဟု ယုံကြည်ကြံစည် ဆုံးဖြတ်ပြီးလျှင် ထိုခဏ၌ပင် ဈေးတွင်းမှ သင်္ကန်းသပိတ်တို့ကို ဝယ်ယူစေ၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင် သင်္ကန်းတို့ကို ဝတ်ရုံလျက် "လောက၌ အမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါ၏ ရဟန်းပြုခြင်းသည် ဖြစ်ပေ၏"ဟု နှုတ်မှ မြွတ်ဆိုကာ မြတ်စွာဘုရား အလောင်းတော် ရှိရာ ကပိလဝတ်နန်းတော်ဘက်သို့ မျက်နှာရှေ့တည် လက်အုပ်ချီလျက် တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီးမှ သပိတ်ကို အိတ်၌ထည့်၍ ပခုံးစွန်း၌လွယ်ပြီးသော် ဟိမဝန္တာတောသို့ဝင်၍ မြတ်စွာဘုရားကို စောင့်ကြိုကာ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်နေလေ၏။ ကာဠဒေဝီလရသေ့ကြီး ငိုရတာက ဘုရားအဆူဆူနှင့် လွဲမှာဖြစ်တဲ့အတွက် သူအတွက် စိတ်မကောင်းလို့ ငိုရခြင်းဖြစ်သည်။ ကာဠဒေဝီလရသေ့ကြီး ရီရတာကတော့ ကျွတ်တန်းဝင်မည့် လူ နတ် ဗြဟ္မာတွေ အတွက် ဝမ်သာလွန်းလို့ ရယ်ရခြင်းဖြစ်သည်။ ကျွန်တော်တို့ တစ်တွေဟာ ဗုဒ္ဓဘာသာဖြစ်ခွင့်ရပြီး တစ်ကယ်အားထုပ်ရင် တစ်ကယ်ဖြစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချလိုက်ပါ။ #အပြစ်ရှိတဲ့ခဏ_ရှစ်ဌာနနဲ့လွဲခိုက်ကြိုးစားလိုက်ပါ။ ဗုဒ္ဓဝင်မှတည်းဖြတ်ပူဇော်ပါသည်။ 🙏ခရီး သည်​ များအားလုံးပဲ့ မင်္ဂလာပါ ခင်​ဗျာ 🙏 🙏ပြန်​လည်​မျှ​ဝေသူ ခရီး သည်​ 🙏


via အလင်းရောင် ဓမ္မ https://ift.tt/32VNZS4