အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 15, 2019
တို့တစ်တွေ ဒီကနေ့ #တရားထူးဘာလို့မရသေးတာတုန်း? ***************************** တို့တစ်တွေ ဒီကနေ့ တရားထူး ဘာလို့ မရသေးတာတုန်းဆိုလို့ရှိရင် အဖြေတွေကတော့ အမျိုးမျိုးထွက်မှာပဲ။ ဘာလဲလို့ဆိုရင် စွဲစွဲမြဲမြဲ အခုလို အဓိဋ္ဌာန်ပြီးတော့ ကျင့်တဲ့ပုဂ္ဂိုလ် မဟုတ်သေးလို့ မရတာ။ တစ်နည်းအားဖြင့် ဆိုရင်တော့ ပါရမီမပြည့်သေးလို့၊ အသိဥာဏ်နုသေးလို့ ပါရမီနုသေးလို့လို့ ဖြေကြမယ်လို့ ထင်ပါတယ်။ သို့သော်လည်း ဒီပါရမီကတော့ သူ့ဟာသူ ရင့်လာမှာ မဟုတ်ဘူး။ လုပ်ရင်းလုပ်ရင်းတော့ ရင့်လာမှာဖြစ်တယ်။ ရင့်လာမယ့်ပါရမီကို စောင့်နေတာ မဟုတ်ဘဲနဲ့ ကြိုးကြိုးစားစား အရိုးကြေကြေ အရေခမ်းခမ်း ဒီပန်းတိုင်ကို မရောက်မချင်း ငါဘယ်တော့မှ မလျော့ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးကို မြတ်စွာဘုရားက ချီးမွမ်းတယ်။ ဒါကြောင့်မို့လို့ အဲဒီပုဂ္ဂိုလ်မျိုးကို တန်ဖိုးထားပြီးတော့ မြတ်စွာဘုရားက ဖြေကြားတဲ့ စကားဖြစ်တယ်။ မြတ်စွာဘုရားက ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ၊ အကြောတွေပဲ ကျန်ပါစေ၊ အသွေး အသားတွေ ခမ်းခြောက်သွားပါစေ။ ယောကျာ်းတွေ သို့မဟုတ် ကိုယ်လုပ်ရမယ့် လုံလဝီရိယ၊ ကြိုးစားအားထုတ်မှ ရနိုင်တဲ့အရာတစ်ခုကို နောက်မဆုတ်ဘဲနဲ့ ကြိုးစား အားထုတ်ရမယ်လို့ မြတ်စွာဘုရားက သုတ္တန်တွေမှာ ဒီလိုပဲ ဆုံးမဟောကြားခဲ့တာ ဖြစ်တယ်။ ဒါကြောင့်မို့ အဲဒီလို စိတ်ဓာတ်နဲ့ မရမချင်း နောက်မဆုတ်ဘူးဆိုတဲ့ ဇွဲနဲပဲကြီးတဲ့ပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရား ချီးမွမ်းတော်မူတယ်လို့ အဲဒီလို ချီးမွမ်းလို၍ ပြောတဲ့စကား ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားရဲ့ စကားတော်ဟာ ဒီကနေ့ခေတ်မှာ ရှိကြတဲ့ ဗုဒ္ဓရဲ့သာဝကတွေကိုလည်းပဲ လှမ်းပြီးတော့ သတိပေးတဲ့ စကားတစ်ခုပဲ ဖြစ်တယ်။ တရားထူးတရားမြတ်တွေဆိုတာ သာမန်လွယ်လွယ်လေးနဲ့တော့ ရမှာ မဟုတ်ဘူး၊ အသေအလဲ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းတာပဲ ဖြစ်တယ်။ တကယ်ရချင်ပြီဆိုရင် တကယ်လုပ်ရမယ်လို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ တကယ် လုပ်လို့ရှိရင် မြတ်စွာဘုရားက ဟောထားတာရှိတယ်။ တရားကို တကယ် ကြိုးစားအားထုတ်ပြီဆိုလို့ရှိရင် chance တွေ တွေ့လာပါလိမ့်မယ်။ နောက်ဆုံးမှာ သေခါနီး ရလာနိုင်တယ်တဲ့၊ အကယ်၍ သေခါနီးမရလို့ လွဲချော်သွားလို့ ရှိရင်လည်း ဒုတိယဘဝမှာ နတ်ဖြစ်ပြီးတော့ အဲဒီဘဝမှာ ရနိုင်တယ်။ တစ်ခါ အဲဒါကိုလည်း လွဲချော်သွားနိုင်သေးတယ် ဆိုလို့ရှိရင်တော့ ဘုရားမပွင့်တဲ့အချိန်မှာဆိုရင် ပစ္စေကဗုဒ္ဓါဘဝနဲ့ ကျွတ်တမ်းဝင်နိုင်တယ်ပေါ့။ နောက်ဆုံးမှာ ပစ္စေကဗုဒ္ဓါဘဝ မဖြစ်ဘူးဆိုတာကို လွဲချော်သွားလို့ရှိရင်လည်း နောက်ပွင့်မယ့်ဘုရားမှာ ဂုဏ်ထူး ဝိသေသပြည့်ဝတဲ့ တပည့်သာဝကအနေနဲ့ တရားထူးတရားမြတ်ရနိုင်တယ်လို့၊ ဒီလို တရားအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မြတ်စွာဘုရားက ဒီလို ဖော်ထုတ်သွားတာ ရှိတယ်။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့၊ မဟာသာဝကကြီးတို့ရဲ့ စကားဝိုင်းမှာ အခုလို သာသနာတော်မှာ လိုအပ်တဲ့ ဂုဏ်အရည် အချင်းတွေကို ထုတ်ဖော်ပြီးတော့ ပြောကြားပြီး ဖြေဆိုတဲ့စကားတွေထက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တရားဓမ္မကို ကြိုးစား အားထုတ်တဲ့အခါမှာ နောက်မဆုတ်ဘဲနဲ့ ဇွဲသန်သန်နဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်တာကို ပိုပြီးတော့ နှစ်သက်မြတ်နိုးတယ် ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ ဒီဘဝမှာ သံသရာဝဋ်က လွတ်ချင်ကြတယ်ဆိုလို့ရှိရင် မလွတ်ချင်ဘူးဆိုရင်တော့ သဘောပေါ့။ လွတ်ချင်ကြတယ်ဆိုလို့ရှိရင်တော့ အခုလို မြတ်စွာဘုရားဟောတဲ့အတိုင်း အဓိဋ္ဌာန် ကြီးမားစွာ ချပြီးတော့ မရမနေ ကြိုးစားအားထုတ်လာမယ်ဆိုလို့ရှိရင် မျှော်လင့်ချက်တွေ အများကြီး ရှိပါတယ်ဆိုတာ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း ။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ 'မဟာသာဝကကြီးတို့၏ စကားဝိုင်း' တရားတော်မှ ကူးယူမျှဝေပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2Z1VLYh
Newer Post
Older Post
Home