အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 20, 2019
မုဒိတာ၏စွမ်းအား ◽◾◽◾◽ မုဒိတာဆိုတာက မုဒိတာပွားနိုင်ရင် ဘဝမှာရှိတဲ့ ပစ္စည်းတွေ အဆပေါင်းမြောက်မြားစွာ တန်ဖိုးတက်သွားတယ်။ မုဒိတာမပွားနိုင်ဘူးဆိုရင် မိမိလက်ထဲမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေက အဆပေါင်းမြောက်များစွာ တန်ဖိုးကျသွားတယ်။ နောက် မုဒိတာ ပွားတဲ့နေရာမှာလည်းပဲ ကိုယ့်အတွက်ပဲ မုဒိတာ ဖြစ်ပြီးတော့ … သူများ ဘယ်လောက်ပဲ အောင်မြင် အောင်မြင် ဂရုမစိုက်ဘူး။ အဲဒီလိုလုပ် ရင်လေ ဒီမုဒိတာက ကြာကြာမခံနိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အတ္တ အခြေခံ နေလို့တဲ့။ ဒီအတ္တကပဲ အတ္တအမြင်ကပဲ ဒီမုဒိတာကို ဖျက်စီးသွားမယ်။ ဒါကြောင့် မုဒိတာ ပွားတယ်ဆိုတာ ကိုယ်ကောင်းတာလည်း ပြန်တွေး သူများကောင်းတာလည်း ပြန်တွေး ကိုယ်အောင်မြင်မှု ပြန်တွေး။ သူများအောင်မြင်မှု ပြန်တွေး။ ကိုယ်ရှိတာလည်းတွေး။ သူများရှိတာလည်း တွေး။ အဲဒီလိုတွေးပြီးတော့ မုဒိတာပွားနိုင်ရင်တဲ့ တခြားအောင်မြင်တဲ့ပုဂ္ဂိုလ် တခြားကြိုးစားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ရဲ့ပြိုင်ဖက် ကိုယ်ရဲ့ရန်သူလို မမြင်တော့ဘူး။ မမြင်တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ နေရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ တချို့သူတွေက ရန်သူမဟုတ်ပါဘူး။ လူအများစု ရန်သူမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ်ကကို လုံလုံခြုံခြုံမရှိလို့ သူတို့ကို ရန်သူအနေနဲ့ သွားမြင်တာ။ ရန်သူအနေနဲ့ မမြင်တော့ဘူးဆိုရင် အဲလူ တွေက ကိုယ့်ရန်သူ မဟုတ်တော့ဘူး။ ရန်သူလို့မြင်တာနဲ့ ချက်ချင်း ရန်သူ ဖြစ်လာတယ်။ စိတ်က လုပ်တာလေ။ "မနောမယာ" ဆိုတာ "မနေသေဋ္ဌော မနောမယာ" စိတ်က ဦးဆောင်တယ်။ စိတ်က အကြီးအကဲဖြစ်တယ်။ စိတ်က လုပ်တာ။ ဒီမုဒိတာ အားကောင်းအောင်ဆိုရင်… တခြားလူတွေရဲ့ ကြိုးစားမှု တခြားလူတွေရဲ့ စေတနာ သဒ္ဓါတရား တခြားလူတွေရဲ့ ကိုယ်ကျိုးအနစ်နာခံမှု သူတို့ရဲ့ contribution … အဲဒါတွေကိုလည်းပဲ အသိအမှတ်ပြုပြီးတော့ ပြန်တွေးပြီးတော့ မုဒိတာဖြစ်ရမယ်တဲ့။ မိမိနဲ့သူတစ်ပါးနဲ့ ခွဲခြားလို့မရဘူး။ သူတို့ မုဒိတာနဲ့ ကိုယ့်မုဒိတာ ခွဲခြားလို့မရဘူး။ ကျန်တဲ့လူတွေ ရှုံ့မဲ့ရှုံ့မဲ့ဖြစ်နေချိန်မှာ ကိုယ်က မုဒိတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ environment မကောင်းဘူး။ ကိုယ်လုပ်နိုင်တာလုပ်ပြီးတော့ ကိုယ့်ဟာကိုယ် မုဒိတာဖြစ်ပါ။ မုဒိတာဖြစ်အောင် ခဏခဏ ပြန်တွေးပါ။ သူအထင်သေးတာကို ကိုယ်ရဲ့စိတ်က လက်မခံဘူး ကိုယ်ရဲ့စိတ်က အားမငယ်ဘူးဆိုရင် သူအထင်သေးတဲ့ဟာက အရာမရောက်ပါဘူး။ သူအထင်သေးတာ ကိုယ်လက်မခံဘူးဆိုရင် သူအထင်သေးတာ အရာမရောက်ဘူး။ ကိုယ့်ဟာကိုယ် confidence ဖြစ်တယ်။ ဒါကြောင့် မုဒိတာက confidence ဖြစ်ဖို့ သိပ်အရေးကြီးတယ်။ ကိုယ်အလုပ်ကြိုးစားတာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားပြီးတော့ မုဒိတာ ဖြစ်ရမယ်။ တခြားလူတွေ ကြိုးစားတာ မုဒိတာဖြစ်ရမယ်။ အဆင့်လေးဆင့် ထိုင်မယ်နော်။ နံပါတ်(၁) မိမိကိုယ်ကို နံပါတ်(၂) မိမိနဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ မိသားစု ပါမယ်။ အချစ်ဆုံး သူငယ်ချင်းတွေပါမယ်။ တစ်ဦးစီတစ်ဦးစီရဲ့ ၀မ်းမြောက်စရာ ဂုဏ်ယူစရာတွေ တွေးပြီးတော့ မုဒိတာဖြစ်မယ်။ နံပါတ်(၃)ကျတော့ အလယ်အလတ်ပုဂ္ဂိုလ် သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မှုကို တွေးပြီး တော့ မုဒိတာ ဖြစ်ပါ။ နံပါတ် (၄) ကျတော့ ကိုယ်နဲ့ပြိုင်ဖက် ဒါမှမဟုတ် ကိုယ့်ကို ဝေဖန်ဖူးတဲ့လူ … ကိုယ်နဲ့ စကားများဖူးတဲ့လူ … ကိုယ်နဲ့အယူအဆချင်း မတူတဲ့လူ … အယူအဆဆိုတဲ့အထဲမှာ ဘာသာရေး အယူအဆ လူမူရေးအယူအဆ နိုင်ငံရေး အယူအဆ မတူတဲ့လူ… အဲလူတွေရဲ့ ကြိုစားမှု အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာဖြစ်ပါ။ အားငယ်တဲ့စိတ်ဖြစ်ပြီးတော့ ကိုယ်က စိတ်ထဲမှာ မလုံမခြုံဖြစ်ပြီးတော့ … သူများကို မကောင်းကြောင်း ပြောဖြစ်အောင် ပြောပြီးတော့ အတင်းပြောတဲ့ဟာတွေပေါ့နော် အဲဒါမျိုးတွေ မလုပ်တော့ဘူး။ သူများကို အတင်းပြောတယ်ဆိုတာက သူများ ကိုယ့်ထက်သာတယ်ဆိုတဲ့ အထင်မျိုး မရှိအောင် … သူတို့ရဲ့အားနည်းချက်တွေ အဲဒါ ရွေးပြီးတော့ပြောတာ။ အဲဒါကို အတင်းပြောတယ်ပေါ့။ အတင်းပြောတဲ့ဟာက သူများ ကောင်းကြောင်း တစ်ခါမှ မပြောဘူး။ ဒါကြောင့် ကိုယ်နဲ့ ပြိုင်ဖက်ပုဂ္ဂိုလ်တွေ အတင်းပြောတဲ့သူတွေ… သူတို့ရဲ့ကောင်းကြောင်းကို မြင်နိုင်တဲ့ ပုဂ္ဂိုလ်က … သူရဲ့ဘ၀မှာ အကောင်းမြင်ဝါဒနဲ့ အမြဲတမ်း ပြည့်နေပြီးတော့ စိတ်ဓာတ်ကျတယ်ဆိုတာ ရှိမှာ မဟုတ်ဘူး။ စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ဘဝ ထဲမှာ ကောင်းတာတွေကို မမြင်နိုင်တော့လို့။ အဆိုးတွေပဲ စိတ်ထဲမှာ တ၀ဲလည်လည်ဖြစ် နေတယ်။ ဒါကြောင့် မုဒိတာ များများပွားပါ။ မုဒိတာကို တစ်နည်းအားဖြင့် "ပါမောဇ္ဇ" လို့လည်း ခေါ်တယ်။ "ပါမောဇ္ဇ"ဆိုတာ အဲဒါပွားများနိုင်တယ်။ သမာဓိဖြစ်တယ်တဲ့။ နောက် quality တစ်ခုက ပီတိနဲ့တူတယ်။ ဗောဇ္ဈင် ၇-ပါးထဲမှာ ပါတယ်။ ဒီ "ပီတိသမ္ဗောဇ္ဈင်" ပွားနိုင်မှ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ရနိုင်တယ်။ သိပ်အရေးကြီးပါတယ်။ Emotion improvement မှာ Emotion management မှာ သိပ်အရေးကြီးတဲ့ မုဒိတာပါ။ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ 🙏🙏🙏🙏🙏🙏 © April
via အလင်းရောင် ဓမ္မ https://ift.tt/2LWGS5I
Newer Post
Older Post
Home