Saturday, July 20, 2019

"နှလုံးသွင်းမှန်မှ တရားရမယ်" 🙏🙏🙏🙏🙏🙏🙏🙏 ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှအစာဟာ အားဖြစ်စေသလို" "နှလုံးသွင်းကောင်းတဲ့သူအတွက်လည်း ကြုံသမျှအာရုံဟာ တရားဖြစ်စေတယ်" ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းအရင်းတွေမှာ ဘာအဓိကကျသလဲဆိုရင် နှလုံးသွင်းမှုက အဓိကကျပါတယ်.. နှလုံးသွင်းမှန်တာကို ထမင်းစားတာနဲ့ပတ်သက်လို့ ပြောပြပါမယ်.. ထမင်းပွဲရှေ့မှာ စားမယ်လို့ပြင်တုန်း ထမင်းကပျော့ဖတ်နေတာမြင်လိုက်တာနဲ့ "ငါ့များ ဒါမျိုးကျွေးလို့ရမလား" "အိမ်မှာနေပြီး ထမင်းလေးတစ်အိုးတောင် ကောင်းကောင်းမချက်ထားဘူး" ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့.. ကဲ..နှလုံးသွင်းမှန်သလား မှားသွားသလား.. အဲ့လိုမဟုတ်ပဲ "တော်သေးတာပေါ့" "ငါ ဒီနေ့ သွားနာနေသလိုဖြစ်နေတာ""ပင်ပန်းနေတာ" "ချက်ထားလိုက်တာက ဝါးရတာတောင် သက်သာသေးတယ်" လို့ နှလုံးသွင်းလိုက်တာနဲ့ ကုသိုလ်မဖြစ်ဘူးလား.. ကုသိုလ်ဖြစ်သွားပြီ.. ကုသိုလ်ဆိုတာ ဟိုဟာလုပ်မှကုသိုလ် ဒီဟာလုပ်မှကုသိုလ်လို့ မထင်လိုက်ကြပါနဲ့.. ကုသိုလ်ဖြစ်လိုတဲ့ပုဂ္ဂိုလ်သည် အဓိကလက်ကိုင်ထားရမှာက နှလုံးသွင်းမှန်ဆိုတဲ့ ယောနိသောမနသိကာရပါ.. တစ်ခါတစ်လေ ထမင်းချက်တာက ရေနည်းသွားလို့ ထမင်းက မာသွားတယ်.. "အောင်မယ်လေး ကျောက်ခဲတုန်းကျနေတာပဲ..နင်ပဲဝါးပါလား" "ဒီလောက်ကြီးမာအောင်ချက်ထားတာ ဘယ်သူကမျိုမှာတုန်း ဆို့မှာတုန်း" အဲလို ဒေါသဖြစ်တာမျိုးရှိတယ်.. အဲ့လိုမဟုတ်ပဲ "သြော်..တော်သေးတာပေါ့ ဘယ်လောက်တောင်အစာခံမလဲ" "ခါတိုင်း နို့ဆီဗူးတစ်လုံးစာလောက်စားရင် အခုနို့ဆီဗူးတစ်ဝက်စာလောက်နဲ့ ပြီးတယ် အစာခံတယ်"လို့ ဒီလိုနှလုံးသွင်းမှန်မှန်လေးနဲ့ စိတ်ကောင်းထားလိုက်ရင် အကုသိုလ်ဆိုတာ မလာတော့ဘူး.. "ကြည့်စမ်းပါဦး..ဟင်းရည်က သောက်ကြည့်ပါဦး" "ပေါ့ရွှတ်လို့ ဘာမှလည်း အရသာမရှိဘူး" "သွား..သွန်သာပစ်လိုက်ချည်တော့"လို့ဆိုရင် အကုသိုလ်ကဖြစ်သွားပြီ.. အဲ့လိုမဟုတ်ပဲ "ဆားမပါတာဟာ ငါတို့သွေးတိုးရောဂါသည်နဲ့ကတော့ အဆင်ပြေတယ် ရောဂါလည်းပျောက်တယ်" သွေးတိုးမရှိရင်လည်း "ဟင်းကဆားပေါ့တော့ ငါသွေးတိုးမဖြစ်နိုင်ဘူးပေါ့"ဆိုပြီး နှလုံးသွင်းလိုက်ရင် ကုသိုလ်ကဖြစ်သွားပြီ.. ကဲ ဘယ်လောက်ကောင်းလိုက်သလဲ.. အရာရာကို ကြည့်လိုက်ကြစမ်းပါ.. ဘယ်ဟာနဲ့ပဲတွေ့တွေ့ ဘာနဲ့ပဲဆုံဆုံ နှလုံးသွင်းမှန်ရင် ကုသိုလ်ဖြစ်တယ်.. ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတဆရာတော်ကြီးက ဒီလိုပြောထားတယ်.. "ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှအစာ အားဖြစ်တယ်"တဲ့.. "နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ်အတွက် ကြုံသမျှအာရုံ တရားဖြစ်တယ်"တဲ့.. ကဲ တရားမဖြစ်ချင်ဘူးလား..ဖြစ်ချင်လား.. ဖြစ်ချင်ရင် နှလုံးသွင်းကောင်းလိုက်ကြစမ်းပါ.. ကြုံသမျှအာရုံကို တရားဖြစ်အောင် နေလိုက်ကြစမ်းပါ.. ဓမ္မဒူတ အရှင်ဆေကိန္ဒ Credit... ohmarshin


via အလင်းရောင် ဓမ္မ https://ift.tt/2YZL9sR