Tuesday, July 16, 2019

ပျော်ရွင်မှုရဲ့နောက်မှာ ဒုက္ခမချိမဆန့်ရှိတယ်ဆိုတာ သတိပြုပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဉာဏ်ပညာ မဦးစီးတဲ့ ပုဂ္ဂိုလ်တွေက (၃၁)ဘုံမှာ .. ရောက်ရာဘဝ ရရာအာရုံနဲ့ ပျော်နေကြတာပဲ ။ ငယ်သူတွေလည်း အပေါင်းအသင်းတွေနဲ့ ကစားကြ ရုပ်ရှင်ကြည့်ကြနဲ့ ပျော် ။ လူလတ်ပိုင်းတွေမှာလည်း အလုပ်နဲ့ပျော် , ရာထူးနဲ့ပျော် ပစ္စည်းနဲ့ပျော် , ဇနီး ခင်ပွန်း သားသမီးတွေနဲ့ပျော် ။ အသက်ကြီးသူတွေလည်း အသက်ကြီးလို့ မပျော်ဘူး မထင်နဲ့ မြေးတွေ မြစ်တွေ ခွေးတွေ ကြောင်တွေနဲ့ ပျော်နေကြတာပဲ။ သားသမီးအရင်း မရှိတဲ့သူတွေကလည်း တပည့်တွေနဲ့ ပျော်တာပဲ။ ဆင်းဆင်းရဲရဲ လုပ်နေရတဲ့ သူကလည်း ချွေးတွေ ဒီးဒီးကျနေပါစေ ပျော်တာပါပဲ ။ ချမ်းချမ်းသာသာသမားတွေကတော့ ပိုပြီး ပျော်တာပေါ့ ။ သောက် စား ကာမဂုဏ်ခံစားနဲ့ ဘဝကို ခံစားဖို့ ပျော်ပါးဖို့ လို့ မြင်တယ် ။ ဘဝကို ပန်းတိုင်အမြင်နဲ့ မြင်တယ် ။ ဘဝ လွတ်မြောက်ရေးကို ထည့်မစဉ်းစားတော့ဘူး ။ ဘဝကောင်း ဘဝမြတ် ရဖို့ , ကောင်းကောင်း ခံစားဖို့ , အဲဒါ အဓိက ပါပဲ ။ လူအများစုဟာ အဲသလိုပဲ မြင်ကြတာပဲ ။ ဘဝကို သာယာဖွယ် မြတ်နိုးဖွယ် လို့ ထင်တယ်။ ပျော်စရာ ရွှင်စရာလို့ပဲ ထင်တယ် ။ ပျော်စရာ ရွှင်စရာရဲ့နောက်မှာ မချိမဆန့် ဒုက္ခရောက်နေတာကို မမြင်ဘူး ။ ကိုယ့်ဆွေ ကိုယ့်မျိုးတွေ ကိုယ့်မျက်စိရှေ့မှာတင် သေ, သေသွားကြတာ အများကြီး ဘယ်ရောက်သွားမှန်း မသိဘူး ။ ဘယ်ရောက်သွားလဲ ? များသောအားဖြင့် အပါယ်လေးပါး ရောက်သွားကြတာပါပဲ။ မေ့လျော့ပေါ့ဆပြီးနေကြသူတွေရဲ့ ဆုံဆည်းရာပေါ့ဗျာ ။ ခဏခဏ ရောက်နေကြတဲ့ ဆုံဆည်းရာ နေရာမှာပဲ ပြန်ဆုံကြတာ မဟုတ်လား . . ? _______________________________ " မြစိမ်းတောင် ဆရာတော် အရှင်ဇာနေယျ Credit - #ဓမ္မနှစ်သက်သူ © Aye


via အလင်းရောင် ဓမ္မ https://ift.tt/2Y3AqQD