Saturday, July 20, 2019

🍀 တစ်နေ့ တစ်နေ့ ... စစ်နော် 🍀 ဒို့ ဗုဒ္ဓဘာသာ သားသမီးအားလုံးကတော့ အထက်တက်ချင်တယ် အထက်တန်းစားဖြစ်ချင်တယ် ပြောမှာပဲ။ သို့သော် ဒို့လုပ်တဲ့ ကံတွေကို ပြန်ကြည့်ပါ။ တစ်နေကုန်လေ။ ကံ ဆိုတာ ... စိတ်နဲ့ ကြံစည်တာတွေ နှုတ်နဲ့ ပြောဆိုတာတွေ ကိုယ်ထိလက်ရောက် လုပ်တာတွေ ဒို့ လောဘဆိုတာ ခင်မင်တဲ့ဟာတွေအပေါ်မှာ ငြိတာကိုပြောတာ။ ဒို့ ခင်မင်မှု လောဘအားကြီးရင် ဘာမှမမြင်တော့ဘူး။ အကြိုက်ကြီးရင် မရှက်တော့ဘူး။ ရှက်ရကောင်းမှန်းကိုမသိတော့တာ။ ဒို့ လောဘနဲ့ ကြံစည်တယ်။ ကြံစည်ပြီးရင် ... အကြံအစည် အားကြီးလာလို့ စေတနာပြင်းထန်လာရင် နှုတ်ကနေ လောဘထွက်လာမှာပဲ။ နှုတ်ကနေ လောဘထွက်လို့မှ အားမရရင် ကိုယ်ထိလက်ရောက်လုပ်မှာပဲ။ မနောက စတာ ဟုတ်နော်။ မနောက အားမရရင် နှုတ်နဲ့။ ဒါနဲ့အားမရရင် ကိုယ်ထိလက်ရောက်ထိ သွားတာထင်တယ်။ ကံသုံးချက်နော် ပြန်စစ်ကြည့်ပါ။ ဒို့ တစ်မနက် တစ်မနက် လောဘအကြိမ်ပေါင်း ဘယ်လောက်ဖြစ်သလဲ။ တွက်ကြည့်။ ပြီးတော့ တစ်နေ့ တစ်နေ့ လောဘအကြိမ်ပေါင်း ဘယ်လောက်ဖြစ်သလဲ။ တွက်ကြည့်။ လောဘဆိုတာက အလိုကျရင်ကျသလောက် ဖြစ်မှာနော် ။ ပြီးတော့ အဲဒီအလိုကျတာတွေ လိုက်လုပ်ရင်းနဲ့ အလိုမကျရင် ... ဒေါသ လာမှာပဲ။ ဒေါသ သီးခြားမဟုတ်ဘူး။ ဒေါသက လောဘရဲ့ဆန့်ကျင်ဘက်ပဲ။ လောဘရှိရင် ဒေါသရှိတယ်။ လောဘမရှိရင် ဒေါသမရှိဘူး ဟုတ်နော်။ အဲ့ဒီတော့ ဒို့ တစ်နေ့ တစ်နေ့ အလိုကျတာလုပ်ရင်းနဲ့ အလိုမကျလို့ဖြစ်တဲ့ ဒေါသစိတ် ဘယ်လောက်ရှိသလဲ။ စစ်ပြီးပြီလား။ အလိုမကျ နှလုံးမသာယာမှုမှန်သမျှ ဒေါသ ပဲ။ အဲဒီအလိုမကျတဲ့ စိတ်ဖြစ်သလောက် အလိုမက်တဲ့စကား ဘယ်နှစ်ခွန်းပြောပြီးပြီလဲ။ အလိုမကျတဲ့ အလုပ်တွေရော ဘယ်လောက် လုပ်ပြီးပြီလဲ။ တစ်နေ့ တစ်နေ့ ... စစ်နော်။ ပြီးတော့ ... ဒို့ ဘယ်အာရုံမှမမိဘဲနဲ့ တွေဝေနေတဲ့ စိတ်တွေလည်း အများကြီး။ အာရုံတစ်ခုကိုဖမ်းတဲ့နေရာမှာ မမိတဲ့အတွက် ချီတုံချတုံလည်း ရှိနိုင်တာပဲနော်။ အဲဒါလည်း မောဟပဲ။ ပြီးတော့ ပြန့်နေတာလည်း မောဟပဲ။ မောဟ နယ် ... အကြီးဆုံး။ မောဟက ရွာထဲကအတိုင်းဆို ပြောတာဆိုတာကအစ အမေကသင်ပေးတဲ့ ဟောဒါ ကြက် ... ဟောဒါ ဝက် ... အဲဒီ သညာသိ သညာနဲ့ မှတ်ထားတာတွေမှန်သမျှ မောဟသိ။ အဲ့ဒီတော့ ဒို့ သေခါနီး နောက်ဆုံးစိတ်ဟာ လာမယ့်ဘဝ တာဝန်ယူမှာ။ ဒါက ငါ့သား ငါ့သမီး ... ဒီလောက်စွဲရင် ဒို့ သွားမယ် ... တိရစ္ဆာန်။ အဲဒီမောဟသိနဲ့ သေရင် ဒို့ တိရစ္ဆာန်ဘဝသွားမှာ။ အဲ ... ဘယ်သူလေးတော့ စိတ်ချတယ်။ ဘယ်သူလေးတော့ စိတ်မချဘူး။ သေခါနီးကာလ ကိုယ်ရထားတဲ့ ဘဝ ကိုယ်ရထားတဲ့ အခြံအရံ အဲဒါတွေအပေါ် ခင်မင်စိတ် လောဘနဲ့သေရင် သွားမယ် ပြိတ္တာ။ ဒီကြားထဲ သေခါနီး သားသမီးပြုစုတာမကျေနပ်လို့ တောက်ခေါက် ပြီးရင် နင်တို့ ငါကျန်းမာမှ သိမယ် ... ဆို သွားမယ် ငရဲ။ သေခါနီးကာလ ကိုယ့်ကိုယ်ကို နှလုံးမသာယာတဲ့ စိတ် သို့မဟုတ် မိသားစုလေးထားခဲ့ရမယ်ဆိုတဲ့ နှလုံးမသာယာတဲ့ စိတ် အဲဒီစိတ်တွေနဲ့ သေရင် ဒို့ ငရဲသွားရမှာ။ မောဟနဲ့ သေရင် ... တိရစ္ဆာန်။ လိုချင်မှု စွဲလန်းမှု လောဘနဲ့ သေရင် ... ပြိတ္တာ။ နှလုံးမသာယာတဲ့စိတ်၊ မကျေချမ်းစိတ် ဒေါသနဲ့ သေရင် ... ငရဲ။ မာန်မာနက ... အသူရကာယ်။ ခင်ဗျားတို့ အထက်ဆန်မှာလား ... အောက်ပြန်မှာလား ... ပြန်ဖို့ လုပ်ထားသလား ... ဆန်ဖို့ လုပ်ထားသလား ... အပြန်နဲ့အဆန် ဘယ်ဟာကများလဲ ... တွက်နော် ကိုယ်လုပ်ခဲ့တာတွေကလေ။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး . . 🙏 မူရင်းဓမ္မဒါနပြုသူများအား လေးစား ကျေးဇူးတင်လျက် ပြန်လည်ရိုက်ကူးပူဇော်၍ ဓမ္မဒါန ပြုပါသည်။ 🎗 သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ 🎗


via အလင်းရောင် ဓမ္မ https://ift.tt/30PhW4l