Tuesday, July 16, 2019

ဝါဆိုသင်္ကန်း အဓိပ္ပါယ် နှင့် လှူဒါန်းရကျိုး မြတ်တန်ဖိုး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဝါဆိုသင်္ကန်း လှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ် မြန်မာ တစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ အသင်းအဖွဲ့အနေဖြင့် ဖြစ်စေ သံဃာအများအား ဖြစ်စေ တစ်ပါးကို ဖြစ်စေ အမျိုးမျိုး အဆင်ပြေစွာ လှူဒါန်းနေကြပါသည် … ဝါဆိုသင်္ကန်း - ဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့်သင်္ကန်း ဖြစ်စေ ဝါတွင်းကာလမှာတွင် ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို ဝါဆိုသင်္ကန်း ဟု ခေါ်ပါသည် … ကာလဒါန သင်္ကန်းဆိုလျှင်လည်း မှန်ပါသည် … ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း ကထိန် ခေတ်ကာလတွင် လှူဒါန်းသော သင်္ကန်းတို့ကို သူခေတ် သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့် သင်္ကန်းဖြစ်၍ … ကာလသင်္ကန်း ၊ ကာလဒါန အလှူဟု ခေါ်နိုင်ပါသည် … ဝါဆိုသင်္ကန်း_လှူဒါန်းနိုင်သော_ကာလများမှာ - ၁။ ဝါတွင်း ( ၃ ) လ ၂။ သီတင်းကျွတ်လဆုတ် ( ၁ ) ရက်မှ . တန်ဆောင်မုန်းလပြည့် ထိ . သင်္ကန်းကာလ ( ၁ ) လ ၃။ သီတင်းကျွတ်လဆုတ် ( ၁ )ရက်မှ . တပေါင်းလပြည့်အထိ . ကထိန် အာနိသင်ကာလ ( ၅ ) လ ၄။ တပေါင်းလဆုတ် ( ၁ ) ရက်မှ . ဝါဆိုလပြည့်အထိ နွေ ( ၄ )လ အထက်ပါ ကာလများကို ပြန်လည်ပေါင်းရုံး ကြည့်လျှင် … တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌ မဆို ဝါဆိုသင်္ကန်းလှူဒါန်း နိုင်ကြောင်း တွေ့ရပေမည် … သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏ … ၁။ ဝါတွင်း ( ၃ ) လ၌ လှူဒါန်းလိုသော် အလှူရှင်သည် … . " ဝိဿံ ဝသန္တာနံ ဒမ္မိ " . ဝါဆိုဆဲ သံဃာအား လှူပါ၏ ဟု နှုတ်မြွက် . ရွတ်ဆို လှူဒါန်းရ၏ … ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော ရဟန်းတို့ ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏ … ဝါကျိုးပြတ်သော ရဟန်း မစ္ဆိမဝါ { ဒုတိယဝါ } ကပ်သော ရဟန်းတော်များ မခံယူရ ၊ ပိုင်ဆိုင်ခွင့်မရှိ … ၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ တန်ဆောင်မုန်းလပြည့် အထိ သင်္ကန်းကာလ ခေါ်သော လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း “ ဝိဿံ ဝသန္တာနံ ဒမ္မိ " = ဝါဆိုဆဲသံဃာအား . လှူဒါန်းပါ၏ ဟု . နှုတ်မြွက် ရွတ်ဆို . လှူဒါန်းလာသော် ဝါဆိုဆဲ ၊ ဝါဆိုတုန်း ဖြစ်သော ဒုတိယဝါကပ်သော ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏ … ပုရိမဝါ { ပထမဝါ } ကျွတ်ပြီးသော ရဟန်း ဝါကျိုးပြတ်သော ရဟန်းများနှင့် မဆိုင် မရနိုင်ပေ … ၃။ သီတင်းကျွတ်လဆုတ် ( ၁ ) ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင် ရရာကာလ ( ၅ )လအတွင်း၌ လှူဒါန်းလိုသော အလှူရှင်သည် … “ ဝိဿာဝါသိကံ ဒမ္မံ " = ဝါလပတ်လုံးနေခြင်း . ရှိသော { ဝါဆို } ခဲ့ပြီးသော . သံဃာအား လှူပါ၏ ဟု . နှုတ်မြွက် ရွတ်ဆို . လှူဒါန်းရ၏။ ဤ { ၅ } လ အတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို { ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ } ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏ … ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏ … ၄။ တပေါင်းလဆုတ် { ၁ } ရက်မှ ဝါဆိုလပြည့်နေ့အထိ နွေ { ၄ }လ၌ လှူဒါန်းရာဝယ် “ ဝိဿာဝါသိကံ ”ဟူ၍ပင် လှူဒါန်းရ၏။ သို့ရာတွင် လှူဒါန်း သူသည် - { က } ကပ်ခဲ့ပြီးသော အတိတ် { ဝါ ဆိုသံဃာ } ကိုလည်း ရည်မှန်း၍ လှူဒါန်းနိုင်၏။ { ခ } မကပ်ရသေးသည့် အနာဂတ် {ဝါ ဆိုသံဃာ }ကိုလည်း ရည်မှန်း လှူဒါန်းနိုင်၏။ ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က … ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို ရည်မှန်း သလော ? အနာဂတ်ဝါကို ရည်မှန်းသလော ? ဟု မေးမြန်း စိစစ်ကြည့်ရ၏။ အလှူရှင်များက { က } ပြီးခဲ့သော အတိတ်ဝါဆို သံဃာအား ရည်မှန်းပါ၏ ဟု လျှောက်ထားသော် … . . ထို ဝါဆိုသင်္ကန်းကို . ဤကျောင်းတိုက်၌ ဝါဆိုခဲ့ ပြီးသော . ရဟန်းတော်များသာ သက်ဆိုင် . အလှူခံနိုင်၏ … { ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။ ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား ကျောင်းတိုက် သံဃာက သဘောတူမှ ရနိုင်၏။} { ခ } လာမည့်အနာဂတ် ဝါကပ် သံဃာအား ရည်မှန်းလှူဒါန်းပါသည် ဟု ဆိုလာသော် . ၎င်းသင်္ကန်းများကို . မဝေခြမ်းသေးဘဲ သိမ်းထားပြီး . လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း . ဝေဖန်ရ၏။ သံဃာအဟောင်း ၊ အသစ် အားလုံးဆိုင်သည် … { ယခု ရေးသား ဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော ဝါဆိုသင်္ကန်း အတွက် လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။ } . ════════════════ ဝါဆိုသင်္ကန်း_လှူဒါန်းရကျိုး ════════════════ အပါယ်လွတ်သော ကုသိုလ် { ၇ } မျိုး ၁။ သရဏဂုံကုသိုလ် ၂။ ငါးပါးသီလကုသိုလ် ၃။ စာရေးတံဆွမ်း ၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ ၌ . လှူဒါန်းသောဆွမ်း { တစ်လကို နှစ်ပိုင်း ပိုင်းလိုက်ပါ . ရှေ့ဆယ်ငါးရက်သည် လဆန်း ပက္ခဖြစ်၍ . နောက်၁၆ရက်မှ လကုန်ထိသည် . လဆုတ်ပက္ခဖြစ်သည်။ } ၅။ ဝါဆိုသင်္ကန်း ၆။ ရေတွင်းရေကန်အလှူ ၇။ ကျောင်းအလှူတို့ဖြစ်၏ … ထိုကုသိုလ် ၇ -မျိုးထဲမှ တစ်မျိုးမျိုးကို ဖြစ်စေ ၊ နှစ်မျိုးဖြစ်စေ ခုနစ်မျိုးလုံး ဖြစ်စေ အမြဲ { ဝတ် } ထားပြီးလှူဒါန်းမယ် ဆိုရင် ဂတိမြဲတဲ့ကုသိုလ် ဖြစ်ပါတယ် … { သောတာပန္တွ သဒိသာနေဝ } ဆိုတဲ့ ပုဒ်ကို ထောက်ဆပြီး သောတာပန်များ လားရာဂတိမြဲသလို … ထိုကုသိုလ်များကို အမြဲတန်း ဝတ်ထားပြီး ပြုလုပ် အားထုတ်မည် ဆိုပါလျှင် သောတာပန်များ လားရာဂတိမြဲသကဲ့သို့ ထိုကုသိုလ်ကို အားထုတ်သူများလည်း လားရာဂတိမြဲပါတယ် … သောတာပန်များ မကောင်းတဲ့ အပါယ်လေးပါး ဂတိကို မရောက်စေနိုင်ဘဲ … ကောင်းရာ လူဘုံ နတ်ဘုံ သုဂတိဘုံမြဲ သကဲ့သို့ ထိုကုသိုလ်ရှင်များလည်း ကောင်းရာ လူဘုံ နတ်ဘုံ သုဂတိဘုံမြဲပါတယ် … ဆိုတော့ ဝါဆိုသင်္ကန်းကို အမြဲတန်း { ဝတ် } - နှစ်စဉ်နှစ်တိုင်း လှူဒါန်းမည် ဆိုပါက သောတာပန် ပုဂ္ဂိုလ်များ ကောင်းရာသုဂတိမြဲ သလို ဝါဆိုသင်္ကန်း လှူဒါန်းသူများလည်း ကောင်းရာသုဂတိမြဲတဲ့ အကျိုးကို ရရှိစေပါတယ် … အပါယ်ဘုံသို့ မကျရောက်ဘဲ ကောင်းရာသုဂတိဘုံကို ရောက်စေခြင်း ဆိုတဲ့ အကျိုးတရားပင် ဖြစ်ပါတယ် … နောက်ထပ် အကျိုးများစွာကို အောက်တွင်လေ့လာပါ … “ အရဟတ္တဓဇ ” ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ် ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . . “ ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ” “ ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော ” ဟူသော ဒေသနာတော်များ အရ သင်္ကန်း၏ အဓိကအကျိုး ဖြစ်သော … “ အဆင်းလှခြင်း ” ဟူသော အကျိုးကို ဧကန်ရမည် ဖြစ်ပေသည် … ထို့ပြင် ဘဝသံသရာ ကျင်လည် ရစဉ်ဝယ် - “ ရွှေသို့အဆင်း၊ မြူကြေးကင်၍ ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊ ကျမ်းညီသင်္ကန်း လှူကျိုးတည်း ” ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏ … ထိုမှတပါး “ ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု ” တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင်ပါစေ ” ဟု ဆုတောင်း လှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည် … ဆရာတော်_အရှင်ဇနကာဘိဝံသ_မိန့်ဆိုချက် ═════════ ဝဿာဝါသိကံ ═════════ . ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း … ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ- ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း … ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏ ထိုသင်္ကန်းကို “ ဝိဿဝါသိက ” ဟုလည်း အချို့က ခေါ်ကြ၏ … အမှန်ကား “ ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ … ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ … လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း ” ဟုခေါ်သည် … ယဿဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော ဘိက္ခု မေတ္တံ ကရုဏံ ဘာဝေတိ မုဒိတံ ဘာဝေတိ ဥပေက္ခံ ဘာဝေတိ အပ္ပမာဏော တဿ ပုညာဘိသန္တော … { စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော် } ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့ ယဿ - အကြင်သင်္ကန်း လှူသော . ဒါယကာ၏ စီဝရံ - သင်္ကန်းကို ပရိဘုဉ္ဇမာနော - သုံးဆောင်သော ဘိက္ခု - ရဟန်းသည် မေတ္တံ - မေတ္တာကို ဘာဝေတိ - ပွားစေ၏ ကရုဏံ - ကရုဏာကို ဘာဝေတိ - ပွားစေ၏ မုဒိတံ - မုဒိတာကို ဘာဝေတိ - ပွားစေ၏ ဥပေက္ခံ - ဥပေက္ခာကို ဘာဝေတိ - ပွားစေ၏ တဿ - ထို သင်္ကန်းလှူသော သူအား ပုညာဘိသန္တော - ကုသိုလ်အယာဉ်သည် အပ္ပမာဏော - အတိုင်းမသိသည် ဟောတိ - ဖြစ်၏ ဣတ္ထိနံ စီဝရဒါနံ မဟလ္လတာပသာဒေန မတ္တကံ ပပ္ပေါတိ။ ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ { ဓမ္မပဒအဋ္ဌကထာပါဠိ } ဟိသစ္စံ - မှန်၏ ဣတ္ထိနံ - မိန်းမတို့၏ စီဝရဒါနံ - သင်္ကန်းအလှူသည် မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို . ဆင်မြန်းရ သဖြင့် မတ္တကံ - အပြီးသို့ ပပ္ပေါတိ - ရောက်၏ ပုရိသာနံ - ယောက်ျားတို့၏ စီဝရဒါနံ - သင်္ကန်းအလှူသည် ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့် ပြီးသော . သပိတ် သင်္ကန်းကို . ဆောင်ရသဖြင့် မတ္တကံ - အပြီးသို့ ပပ္ပေါတိ - ရောက်၏ ═══════════════════════════ အဝတ်သင်္ကန်း_လှူရသော_အကျိုးပြ_တေးထပ် ═══════════════════════════ ဖြစ်လေရာ ဘုံဘဝ ၊ ကြုံရတဲ့ခန္ဓာ။ သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အသွေး။ မြူမငြိ ဖြူအိလွင်တယ် ။ လှူသည့်ရှင် ကောင်းမှုအရေး။ ။ စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊ ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊ ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။ အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊ ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့်ကတ္တီပါလိုရာရာ ရကြောင်းပလေး။ ။ ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ ၊ သုဝဏ္ဏဝဏ္ဏော ဝိရဇော သဗ္ဗပဘာဝေါ ဝိတပဝါသိနိဒ္ဓဂတ္တော၊ ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ ဝတ္ထဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊ ကပ္ပရုက္ခ ပဋိလာဘော၊ ပစ္ဆိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။ { ဓမ္မပဒ အဋ္ဌကထာ } ဒီစာပိုဒ်လေးက_ဝါဆိုသင်္ကန်း_လှူရကျိုး ဆယ်မျိုးကို_ပြဆိုပါတယ် ၁။ ရွှေအဆင်းနှင့် တူသော အဆင်းကိုရရှိခြင်း ၂။ မြူကြေးမတင် စင်ကြယ်သော ကိုယ်ရှိခြင်း ၃။ ခပ်သိမ်းသော အရပ်တို့ကို . ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း ၄။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း ၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း ၆။ အလိုရှိသော အခါ တစ်ထောင်သော . အဝတ်ပုဆိုးတို့ကို ရရှိခြင်း ၇။ အဖြူ ၊ အရွှေ ၊ အနီစသော အဆင်းရှိသော . ပုဆိုးတို့ကို ရရှိခြင်း ၈။ ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် . ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း ၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း ၁၀။ အဆုံးဘဝတွင် ဧဟိဘိက္ခူ ရဟန္တာအဖြစ်ကို . ရရှိခြင်း စတဲ့ ဆယ်ပါးသော အကျိုးထူး တရားများကို သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း အသိပေး ရေးသားလိုက်ရ ပါသည် … စာဖတ်သူအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ … #အရှင်_ဝိမလဝံသ { နာလန္ဒာတက္ကသိုလ် } Thanks; #ULL . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i


via အလင်းရောင် ဓမ္မ https://ift.tt/30xRdcj