အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 17, 2019
အသုဘတရား (မသေသေးသူများ ဖတ်ရန် 🎞🎞🎞🎞🎞🎞🎞 လူဆိုတာ တစ်နေ့ကျရင် သေရမှာပဲ။ သေမျိုးဖြစ်လို့လည်း မိနစ်တိုင်းမှာ သေနေကြရတာပါ။ လေ့လာချက်အရ တစ်မိနစ်မှာ လူပေါင်း (၂၆၇)ယောက်လောက် မွေးတယ်၊ (၁၀၈)ယောက်လောက် သေတယ်၊ (၁၅၉)ယောက် လူဦးရေတိုးတယ်။ ဒီတော့ တစ်နေ့အတွက်ဆိုရင် (၃၈၄၀၀၀) မွေးပြီး (၁၅၆၀၀၀) သေလို့ (၂၂၉၀၀၀) အဖတ်တင်တယ်လို့ ပြောလို့ ရတယ်။ တစ်နှစ်အတွက် တွက်ရင် မွေးစာရင်းက (၁၄၀)သန်းနဲ့ (၄)သိန်း၊ သေစာရင်းက (၅၆)သန်းနဲ့ (၇)သိန်း၊ လူဦးရေလက်ကျန်စာရင်းက (၈၃)သန်းနဲ့ (၆)သိန်း ဖြစ်ကြောင်း ခန့်မှန်းလို့ ရပါတယ်။ ဒီတော့ လူတစ်ယောက် သေတယ်ဆိုတာ စိတ်ဝင်စားစရာ မဟုတ်တော့ပါဘူး။ သတင်းကို နားထောင်ရင်၊ သတင်းစာကို ဖတ်ရင်၊ လူကြားသူကြားမှာ နေရင် အသေအပျောက်သတင်းကို နေ့တိုင်းလိုလို သိရကြားရထိတွေ့ရတော့ ရိုးသလိုတောင် ရှိနေပါပြီ။ မိမိနဲ့မဆိုင်တဲ့ လောကမှာ ဖြစ်ပျက်နေသလိုမျိုး စိတ်ထင်နေတတ်ကြပါတယ်။ မိမိအမျိုး၊ မိမိပတ်ဝန်းကျင်၊ မိမိမိသားစုမှာ ဖျားနာတာတို့နဲ့ သေဆုံးတာတို့ ဖြစ်ပေါ်တဲ့အခါကျမှ ခဏတဖြုတ် သံဝေဂရပြီး နောက်သုံးလေးရက်မှာ ပုံမှန် ပြန်ဖြစ်သွားပါတယ်။ လူတို့အတွက် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ အပိုင်းအခြားတစ်ခုအတွင်းမှာ ရှင်သန်ကြရတဲ့ သတ္တဝါများ ဖြစ်ကြတယ်။ မွေးဖွားခြင်းရဲ့ ဟိုဘက်ကို ပြန်မမြင်နိုင်သလို သေဆုံးခြင်းရဲ့ ဟိုဘက်ကိုလည်း ဘာရှိမှန်း မသိနိုင်ကြပါဘူး။ မိမိက ဘယ်ဘဝကနေ ရောက်ရှိလာကြောင်း သိပ်ဝင်စားမှု နည်းပေမဲ့ သေဆုံးသွားရင် ဘယ်ဘဝကို ရောက်ရမလဲ၊ သေပြီးနောက်ဘဝ ရှိသလား၊ နတ်ပြည်ဗြဟ္မာ့ပြည်ငရဲပြည်တကယ်ရှိသလား၊ ကောင်းကင်ဘုံအမှန်တကယ်ရှိသလား၊ တရားစီရင်ခြင်းနေ့ တကယ်ရှိနေသလား၊ ယမမင်းကြီးစစ်တမ်း အမှန်ပဲလားဆိုတာ လူတို့စိတ်ဝင်စားတဲ့ အရာတွေပေါ့။ ဒါကြောင့်လည်း လူသားတို့မှာ ဒါတွေကို ဖြေရှင်းဖို့ ဘာသာတရားအမျိုးမျိုး ပေါ်ထွန်းလာကြရတာ ဖြစ်တယ်။ အသုဘတရားတစ်ခုမှာ တရားနာပရိသတ်ကို အချက် (၃)ချက် သတိပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ အတိတ်ဘဝနဲ့ အနာဂတ်ဘဝကို ဦးစားပေးတဲ့ ဘာသာတရားမဟုတ်ဘဲ ပစ္စုပ္ပန်ဘဝကို အလေးထားတယ်ဆိုတဲ့အချက်၊ ကံ ကံရဲ့အကျိုးကို ယုံကြည်ပါတယ်လို့ ဆိုခဲ့ရင် ကံအကြောင်းနဲ့ ပဋိသန္ဓေအကြောင်းကို နည်းနည်းလေး သိထားသင့်တယ်ဆိုတဲ့အချက်နဲ့ မိမိကောင်းမှုကုသိုလ်ကို အခြားလူတွေ အမျှဝေပေးစေမဲ့အစား မိမိမသေခင် အရင်ဆည်းပူးထားကြဖို့ လိုတယ်ဆိုတဲ့အချက်တို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဒီအချက်(၃)ချက်ဟာ အင်မတန် အရေးကြီးပါတယ်။ (၁) ဒီတော့ ဓမ္မကထိကဆရာတော်များကအစ ဟောရေးပြောရေးကို ဂရုစိုက်ရမှာ ဖြစ်တယ်။ အလှူအတန်းကိစ္စ ဒါနကထာကို သိပ်ပြီး ဦးစားပေးလွန်းခြင်း၊ သီလကထာကို ဟောတဲ့အခါ တင်းကြပ်လွန်းခြင်း၊ ဘာဝနာကထာကို ဟောတဲ့အခါ ခြိမ်းခြောက်ခြင်းမျိုး ဖြစ်မနေဖို့ လိုပါတယ်။ အမှန်မတော့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတာ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ပျော်ပျော်ပါးပါး လုပ်သွားရမဲ့အလုပ်တွေ ဖြစ်တယ်။ ဟောသမျှဟာ သံသရာအတွက် မဟုတ်ဘူး။ လက်ရှိဘဝအတွက်ပဲ ဖြစ်သင့်တယ်။ ဗုဒ္ဓဘာသာစစ်မှန်ရင် သံသရာကို အားမပေးဘူးမဟုတ်လား။ ပဋိစ္စသမုပ္ပါဒ်တရားဆိုတာ သံသရာစက်ဝိုင်းကနေ လွတ်မြောက်စေဖို့ပါပဲလေ။ ဒီတော့ ဒါနပြုတယ်ဆိုတာ စွန့်လွှတ်တတ်တဲ့စိတ်ကို လေ့ကျင့်ရတာ ဖြစ်တယ်။ တစ်နေ့ကျရင် ရှိသမျှကို စွန့်ပစ်ပြီး ထွက်သွားရမှာကိုး။ ပြန်ရဖို့ မျှော်လင့်ချက်နဲ့ မဟုတ်ဘူး။ သီလစောင့်တယ်ဆိုတာ လက်ရှိဘဝမှာ ဘေးအန္တရာယ်ကင်းဖို့ ဖြစ်တယ်။ ဥပဒေ မချိုးဖောက်ဖို့ လေ့ကျင့်ရတာ ဖြစ်တယ်။ ဘာဝနာပွားတယ်ဆိုတာ မိမိခန္ဓာကိုယ်ကို အစားအစာကျွေးပြီး ဖွံ့ဖြိုးစေသလို စိတ်ကိုလည်း တရားကျင့်ပြီး အဆင့်မြှင့်ပေးရတယ်။ ဒီမျှပါပဲ။ (၂) ကံကျတော့လည်း ကိစ္စစတုက္ကဆိုပြီး သူ့ကိစ္စနဲ့သူ အလုပ်လုပ်တယ်။ ဇနကကံဆိုတာ ပြန်လည်မွေးဖွားစေဖို့ ဖြစ်စေတဲ့ ကံပေါ့။ ရှင်းရှင်းလေးပါ။ ဥပတ္ထမ္ဘကကံဆိုတာ ကံတစ်ခုခု ပိုခိုင်သွားအောင် အားပေးတဲ့ ကံပေါ့။ ကားပျက်ရင်တောင် ကားကို ပြင်ရတာပဲမဟုတ်လား။ ဥပပီဠကကံဆိုတာ မကြိုက်တဲ့ကံတစ်ခုခုကို အားနည်းအောင် ဖိနှိုပ်ထားရတဲ့ ကံပါပဲ။ မကောင်းမှုများမှန်း သိရင် ကောင်းမှုကို များများပြုကြပေါ့။ နောက်ဆုံးတစ်ခုကတော့ ဥပဃာတကကံပေါ့။ ကံတစ်ခုကို ဖျောက်လိုက်လို့ ရတယ်လေ။ ဒီကံကို အကျိုးမပေးစေချင်ဘူးဆိုရင် ဘာလုပ်ရမလဲ။ လုပ်နည်း ရှိပါတယ်။ ဒါပေမဲ့ ယတြာချေတဲ့နည်းတော့ မဟုတ်ဘူး။ ခေါစာပစ်တဲ့နည်းတော့ မဟုတ်ဘူး။ အလုပ်လုပ်ရတဲ့နည်းပါ။ ရန်ကုန်မှာ နေတုန်းက သစ်တောဌာနက ဒကာတစ်ယောက်က ဘာသာပြောင်းတော့မယ်လို့ လျှောက်တယ်။ ပြောင်းရတဲ့အကြောင်းကို မေးကြည့်တော့ မိသားစုစားဝတ်နေရေး အဆင်ပြေအောင် သစ်များကို ခိုးခဲ့ဖူးကြောင်း၊ ပါမစ်များကိုလည်း လာဘ်စားပြီး ချပေးခဲ့ကြောင်း၊ အကုသိုလ်လုပ်ခဲ့ပြီဆိုရင် ဒီအကုသိုလ်က မဖြစ်မနေ အကျိုးပေးတော့မှာ ဖြစ်ကြောင်း ဆရာတော်ကြီးတို့က မိန့်တယ်လို့ဆိုပါတယ်။ ဘာသာခြားမှာ အပြစ်ကို ဝန်ခံရုံနဲ့ ခွင့်လွှတ်တော်မူတယ်ဆိုလို့ ပြောင်းရတာ ဖြစ်ကြောင်း ဆက်ပြောပါတယ်။ ဒါဟာ ဟောတဲ့ဆရာတော်က ကံအကြောင်းကို နောမကျေလို့ ဖြစ်တယ်။ ဘာသာခြားမှာ အပြစ်ကို ဘုရားက ခွင့်လွှတ်မှ ကင်းလွတ်ခွင့် ရတယ်။ ဒါက သူတို့ပင်မယုံကြည်ချက်မှာ ဖန်ဆင်းရှင်ဝါဒကိုး။ သူတို့ယုံကြည်မှုနဲ့သူတို့ အဆင်ပြေပါတယ်။ ဗုဒ္ဓဘာသာမှာ ကံကံရဲ့အကျိုးကို ယုံကြည်တော့ ဘယ်သူကမှ ဘယ်သူ့အပြစ်ကိုမှ လက်တွေ့အနေနဲ့ ခြွင်းချက်မရှိ လွတ်စေလို့ ပြောလို့ မရဘူး။ နောက်ပြီး ကံတရားတိုင်း အကျိုးပေးမယ်လို့ ဟောတာလည်း မမှန်ဘူး။ ဒိဋ္ဌဝေဒနိယကံဆိုတာ ဒီဘဝမှာပဲ အကျိုးပေးမဲ့ကံ၊ ဥပပဇ္ဇဝေဒနိယကံဆိုတာ ဒုတိယဘဝမှာ အကျိုးပေးမဲ့ကံ၊ အပရာပရိယဝေဒနိယကံဆိုတာ ဒုတိယဘဝကနေ နိဗ္ဗာန်အထိ အကျိုးပေးမဲ့ကံ၊ လုံးဝအကျိုးမပေးတော့ဘဲ အချည်းနှီးဖြစ်သွားတဲ့ကံ ဆိုပြီးရှိသေးသကိုး။ ဒါက အကျိုးပေးနည်းတွေပေါ့။ ဒီတော့ ခိုးခဲ့တယ်ဆိုရင် များများလှူပေါ့၊ နောက်အခါ မခိုးဖြစ်အောင် ငါးပါးသီလကို စောင့်စည်းပေါ့၊ ခိုးချင်စိတ်ကို ဖျောက်လို့ရအောင် တရားထိုင်ပေါ့။ ဒါဟာ ကုစားနည်းပါပဲ။ လွယ်လွယ်လေးပါ။ (၃) ကုသိုလ်ကောင်းမှုဆိုတာ စာတိုက်ကနေ စာပို့သလို ပို့လို့ ရတာ မဟုတ်ဘူး။ စာတိုက်က စာတောင် ပျောက်သေးတယ်ဆိုတော့ လိပ်စာမရှိဘဲ ပို့တဲ့ ကောင်းမှုကျတော့ အာမခံချက် မရှိဘူးလေ။ ဒီတော့ သေချာအောင် ကိုယ့်အထုပ်ကို တစ်ခါထဲနဲ့ ပါအောင် လုပ်ထားကြဖို့ပါပဲ။ မသေခင်မှာ အရင်ဦးအောင် လုပ်သွားကြပါ။ နောင်တမရအောင် ကောင်းမှုများများ လုပ်သွားကြပါ။ ဒီဘဝမှာ အနည်းဆုံး လူချစ်လူခင် ပေါပါတယ်။ သေတဲ့နောက်မှာ ဘဝရှိသေးတယ်ဆိုရင် ကောင်းကျိုးကို ခံစားရမှာ ဖြစ်တယ်။ ဘဝမရှိတော့ဘဲ ဘာသာရေးဆရာတွေ လိမ်တာကို ခံလိုက်ရတယ်ဆိုရင်လည်း နှမြောစရာမဟုတ်ဘူးလေ။ ဘာမှ မရှိတော့လို့ပါပဲ။ ဒီလိုပါပဲ စည်းကမ်းလိုက်နာလို့ ဒီဘဝမှာ ဘေးကင်းကွာခဲ့တယ်။ သေတဲ့နောက်မှာ ငရဲမရှိလို့ ဘယ်သူကမှ ငရဲမကျခဲ့ရင်လည်း သဝန်တိုစရာမှ မဟုတ်တာပဲမဟုတ်လား။ ဒီဘဝမှာ တရားထိုင်ခဲ့လို့ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရခဲ့ရင် နိဗ္ဗာန်ရှိမရှိ စဉ်းစားစရာလိုသလား။ ဒီဘဝမှာ တကယ့်ကို ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့တာပါပဲ။ အပြစ်ကင်းတဲ့ ဘဝ၊ ဖြူစင်တဲ့ ဘဝတစ်ခုကို ရခဲ့ပြီပဲ။ အမြတ်ထွက်ပါတယ်။ တကယ်လို့ နိဗ္ဗာန်ကို တမ်းမြင်ခဲ့ရင်လည်း အတုမရှိအောင်မြင်မှုပဲပေါ့။ အသုဘတရား ဒီတော့ သေရမယ်ဆိုရင် သက်တမ်းကုန်လို့ သေရတာပဲဖြစ်ဖြစ်၊ ကံကုန်လို့ သေရတာပဲဖြစ်ဖြစ်၊ သက်တမ်းရော ကံပါ ကုန်လို့ သေရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပေါ့ဆမှုကြောင့် သေရတာပဲဖြစ်ဖြစ် သေတိုင်း ကောင်းတာ မဟုတ်ဘူး။ မကောင်းလို့ အသုဘလို့ ခေါ်ကြတာပေါ့။ စိတ်ပုံမှန်ရှိသူဆိုရင် ဘယ်သူကမှ သေချင်ကြတာ မဟုတ်ဘူး။ ငါ သေချင်တယ်လို့ ပြောပေမဲ့ သူ့ဆံပင်တစ်ချောင်းတောင် အနုတ်ခံမှာမဟုတ်ဘူး။ ဒီတော့ သေကြောင်း(၄)ပါးမှာ ရှေ့က သုံးပါးဟာ အလိုအလျောက် သေတာ ဖြစ်လို့ ကာလမရဏ အချိန်တန်လို့ သေရခြင်းလို့ ဆိုရတယ်။ နောက်ဆုံးတစ်ခုကတော့ သေနေ့မစေ့ဘဲ သေရတာ ဖြစ်လို့ အကာလမရဏ မသေသင့်ဘဲ သေရခြင်းလို့ မှတ်ရမယ်။ ကားမှောက်လို့ သေတာတို့၊ ရေနစ်လို့ သေရတာတို့၊ လေယာဉ်ပျက်ကျလို့ သေရတာတို့ဟာ သေနေ့မစေ့ဘဲ သေရတာ ဖြစ်လို့ အကာလမရဏပေါ့။ ဒီတော့ သေရင် ဘယ်လိုနည်းနဲ့ပဲသေသေ မသေချင်ကြဘူးလေ။ တိရစ္ဆာန်တွေတောင်မှ သေရမှာကြောက်လို့ ခုခံသူရှိသလို လွတ်အောင် ရုန်းကန်သူလည်း ရှိနေတာပဲမဟုတ်လား။ ကိုယ့်အသက်ကို လူတိုင်း တိရစ္ဆာန်တိုင်း ချစ်ကြပါတယ်။ ဒါပေမဲ့ သက်ရှိသတ္တဝါမပြောနဲ့ သက်မရှိ သစ်ပင်တို့တောင် သဘာဝအရ ဇီဝိတရုပ် ကုန်ခမ်းလို့ သေကြရတာပဲမဟုတ်လား။ လူကျတော့ ဇီဝိတရုပ်လည်း ကုန်ခမ်း၊ ဇီဝိတိနြေ္ဒရုပ်လည်း ကုန်ခမ်းဆိုတော့ သေရမှာပဲ။ မိနစ်တိုင်းမှာ (၁၀၈)ယောက် သေနေတယ်ဆိုတော့ တစ်နေ့ကျရင် ကိုယ်လည်း အဲဒီစာရင်းထဲ ပါမှာပဲလေ။ ဒီတော့ ကောင်းသော သေခြင်း ဖြစ်အောင် လူကောင်းအဖြစ်နဲ့ အသက်ရှင်သွားကြဖို့ လိုတယ်။ အလောင်းလှလို့ သေခြင်းကောင်းမှာ မဟုတ်ဘူး။ ဘဝလှမှ သေခြင်းကောင်းမှာ ဖြစ်တယ်။ # creditးးးး အောင်ဖွံ့ဖြိုး
via အလင်းရောင် ဓမ္မ https://ift.tt/2XV7XIO
Newer Post
Older Post
Home