Monday, July 15, 2019

"သောတာပန်ဖြစ်ရခြင်း လက်ငင်းအကျိုး" -------------------------- အဆုံး အစ မထင် ကျယ်ချင်တိုင်းကျယ်လှသော ဤသံသရာပြင်ကြီးသည် လေးစင်းသော သမုဒ္ဒရာကြီး နှင့်အလားတူ၏။သံသရာတွင်း၌ ဘဝအသင်္ချေ တပေပေနှင့်ခံနေရသော ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတည်းဟူသော ဆင်းရဲမျိုးစုံ အဖုံဖုံတို့ကား သမုဒ္ဒရာရေများနှင့်အလားတူကုန်၏။သောတာပန် ပုဂ္ဂိုလ်ကား နေဆယ်စင်းအားထက် အဆမတန် အပူရှိန်ကြီးမားပြင်းထန်လှစွာသော နေမင်းကြီးနှင့် အလားတူ၏။ ဆယ်လုံးကုန်သော နေမင်းကြီးတို့သည် မိမိတို့၏ အပူရှိန်စွမ်းပကားဖြင့် လေးစင်းသော သမုဒ္ဒရာတွင်းရှိ ရေများကို ခြောက်ခန်းစေကုန်ဘိသကဲ့သို့အတူ သောတာပန်ပုဂ္ဂိုလ်သည် မိမိသိမြင်ထားသော အမှန် တရား၏ စွမ်းပကားဖြင့် သံသရာဝဋ်ဆင်းရဲအပေါင်းကို ခြောက်သယောင်း သွားစေ၏။ရှိသမျှ အပါယ်တံခါး ပေါက် အားလုံးတို့ကို အဝင်အထွက်မရှိစေရအောင် ပိတ်ဆို့ပစ်လိုက်၏။အပါယ်တံခါးများ ပိတ်သွင်းပြီဖြစ်၍ စိတ်ချလက်ချ ပူပင်ကြောင့်ကြရခြင်းမရှိ။ပကတိ ချမ်းသာစွာ နေရခြင်းအကျိုးကို လက်တွေ့ခံစား လာရ၏။ သဒ္ဒါ သတိ ဟိရိ သြတ္တပ ဗာဟုဿစ္စ ဝီရိယ ပညာ တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာကို မျက်မှောက်ပြုရခြင်း အကျိုးရှိလာ၏။မိစ္ဆာဒိဋ္ဌိမဂ္ဂင် မိစ္ဆာသင်္ကပ္ပမဂ္ဂင် မိစ္ဆာကမ္မန္တမဂ္ဂင် မိစ္ဆာအာဇီဝမဂ္ဂင် မိစ္ဆာဝယာမ မဂ္ဂင်,တည်းဟူသော လမ်းမှား လမ်းဆိုး ကြီး ရှစ်မျိုးကို ယတိပြတ် ဖြတ်တောက်၍ စွန့်ပစ်လိုက် တော့၏။ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရယ်ခပ်သိမ်း တို့ကို ငြိမ်းပစ်လိုက်တော့၏။ သောတာပန်ဖြစ်ရခြင်းအတွက် လက်ငင်းခံစား ရသော ဤအကျိုး ထိုအကျိုးများမှတစ်ပါး ဂဏန်းအား ဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင်သော အခြားအကျိုး များစွာတို့ကိုလည်း လက်ငင်းခံစားရသေး၏။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပန်ဖြစ်ပြီးသည့် အချိန်မှစ၍ ပါဏာတိပါတစသော အပါယ်လားကြောင်း မကောင်းမှု ဒုစရိုက်များကို မပြုဝံ့တော့ပေ။အယူမှား အမှတ်မှား အတွေးမှား အကြံမှား အပြောမှား အဆိုမှား အပြုမှား အလုပ်မှား အသက်မွေးမှား အားထုတ်မှား သတိမှား သမာဓိမှား,အမှားဟူသမျှ ခဝါချ၍ ဗုဒ္ဓ မြတ်ဘုရား၏ သားတော်စစ်စစ် ဖြစ်လာ၏။ လောကဝဇ္ဇ ခေါ်သော ပြစ်မှုဟူသမျှတို့ကား ကံသုံးပါး တို့ဖြင့် လုပ်မှား ကိုင်မှား ပြောမှား ဆိုမှားမှုများကြောင့် သာ ဖြစ်ရခြင်း ဖြစ်ပေရာ,သောတာပန်ပုဂ္ဂိုလ်များမှာ ထိုသို့သော ပြုမူ ပြောဆိုခြင်းမျိုး မရှိတော့သဖြင့် အပြစ်ခပ်သိမ်းငြိမ်းကာ ချမ်းသားစွာနေရခြင်း ဟူသော အကျိုးကို လက်တွေ့ခံစားရလေ၏။ သို့ပါ၍ အပါယ်တံခါးပေါက်အားလုံးကို အပြီးတိုင် ပိတ်ဆို့ပစ်လိုက်သော,ပကတိ ချမ်းသာစွာနေရသော သောတာပန်များဖြစ်ရန် ကျိုးစားအားထုတ်နိုင်ပါစေ ကြောင်း လေ့လာရေးသားလိုက်ရပေသည်။ "ဝိသုဒ္ဓိမဂ်ကျမ်း ၁" ==========တရား ရတနာ========= စာရေးသားချိန်-၁း၁၅ နာရီ။


via အလင်းရောင် ဓမ္မ https://ift.tt/2SdwBTQ